Home
မြန်မာသတင်း
မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖြေရှင်းရန် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့်အမေရိကန် တိုက်တွန်း
DVB
·
September 25, 2024
bomb_25092024

မြန်မာ့အရေးအပေါ် ပါဝင်ပတ်သက်သူတွေအားလုံးကြားအကြား အပြုသဘောဆောင်ပြီး အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကတဆင့် အကျပ်အတည်းကို ဆုံးဖြတ်ဖြေရှင်းဖို့နဲ့ အများပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ဦးတည်ဖို့ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်၊ အမေရိကန်တို့က ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

ဒယ်လာဝဲပြည်နယ်၊ ဝယ်လ်မင်တန်မြို့မှာကျင်းပတဲ့ Quad လေးပွင့်ဆိုင်ခေါင်းဆောင်တွေ ကိုယ်တိုင်တက်ရောက်ကြတဲ့ စတုတ္ထအကြိမ်မြောက် ထိပ်သီးညီလာခံကနေ တောင်းဆို လိုက်တာလို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီထိပ်သီးညီလာခံကို သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘားနီးစ်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီ​ယိုနဲ့ အမေရိကန် သမ္မတ  ဂျိုးဘိုင်ဒင်တို့ တက်ရောက်ခဲ့ကြပြီး ဂျက်လေယာဉ်ဆီအပါအဝင် လက်နက်နဲ့ စစ်ဘက် အရပ်ဘက်သုံး ပစ္စည်းတွေ စီးဆင်းတာကို ကာကွယ်တားဆီးကြဖို့ နိုင်ငံတွေအားလုံးကို ထပ်မံ မေတ္တာရပ်ခံလိုက်ပြီး မြန်မာပြည်သူတွေအပေါ်  ပြတ်ပြတ်သားသား ဆက်လက်အားပေး ထောက်ခံသွားမယ်လို့ ဆိုပါတယ်။ 

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းပိုဆိုးဝါးလာနေတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာအခြေအနေတွေကြောင့် အလွန်အမင်းစိုးရိမ်ပူပန်နေပြီး အကြမ်းဖက်တာတွေ ချက်ချင်း ရပ်တန့်ဖို့၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို ဘေးကင်းကင်းနဲ့ အတားအဆီးမရှိပေးအပ်နိုင်ဖို့၊ ပါဝင်ပတ်သက်သူတွေ အားလုံးကြားမှာ အပြုသဘောဆောင်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ကတဆင့် အကြပ်အတည်းကို ဆုံးဖြတ်ဖြေရှင်းဖို့၊ အများပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ဦးတည်ဖို့ ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ပါတယ်။

အာဆီယံဥက္ကဋ္ဌနဲ့ သူ့ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ရဲ့ ဆောင်ရွက်တာတွေ အပါအဝင် အာဆီယံက ဦးဆောင်ဦးရွက်လုပ်တဲ့ ကြိုးပမ်းအားထုတ်တာတွေကို အခိုင်အမာ ထောက်ခံကြောင်းလည်း ဆိုပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာပါတဲ့ ကတိကဝတ်တွေ အားလုံးကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့လည်း တောင်းဆိုပါတယ်။

အခုဖြစ်နေတဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်တာတွေက ဆိုက်ဘာမှုခင်းတွေ၊ တရားမဝင်မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ လူကုန်ကူးတာလိုမျိုး နိုင်ငံဖြတ်ကျော်မှုခင်းတွေ တိုးလာတာအပါအဝင် ပြင်းထန်တဲ့ ဂယက်ရိုက်တာတွေဟာ ဒေသတွင်းမှာ ဖြစ်ပွားစေတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေကိုယ်တိုင်ဦးဆောင်ပြီး အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေကိုရှာဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ပို့ရာမှာ လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ သက်ဆိုင်သူတွေအားလုံးနဲ့အတူ ဆက်လက် ပူးပေါင်းသွားဖို့ သံန္နိဋ္ဌာန် ပြုကြောင်းလည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013