ဂျပန်နိုင်ငံရဲ့ နိုးတိုကျွန်းဆွယ်မှာ စက်တင်ဘာ ၂၃ ရက်အထိ စံချိန်တင် မိုးရွာသွန်းမှုကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အများပြည်သူပိုင် ရုပ်သံလိုင်း NHK က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေသူတယောက် ပါဝင်ပြီး လူ ၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း NHK က ပြောပါတယ်။
ဝါဂျိမမြို့မှာ စက်တင်ဘာ ၂၁ ရက် မနက် ၄ နာရီလောက်က တနာရီ မိုးရွာနှုန်းဟာ ၁၂၁ မီလီမီတာ စံချိန်တင် ရွာသွန်းခဲ့ပြီး မြို့နီးချင်း ဆုဇု မှာတော့ တနာရီအတွင်း ၈၄ ဒသမ ၅ မီလီမီတာ ရရှိပြီး တချိန်လုံး မိုးရွာနှုန်း မြင့်မားပါတယ်။
နှစ်သစ်ကူးနေ့တုန်းက ဆုဇု၊ ဝါဂျိမနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လူ ၃၀၀ ကျော် သေဆုံးခဲ့တဲ့ ပြင်းအား ၇ ဒသမ ၆ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် နိုးတို ဒေသဟာ ကြီးမားတဲ့ ပျက်စီးမှုကနေ နာလန်ပြန်ထူနေရဆဲ ဖြစ်ပါတယ်။
နိုးတိုဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေနဲ့အတူ စစ်သားတွေကိုလည်း စေလွှတ်ထားကြောင်း ကက်ဘိနက် အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိက သတင်းထောက်တွေကို ဒီသီတင်းပတ်ကုန်မှာ ပြောကြားခဲ့ပါတယ်။
Source-Reuters