Home
နိုင်ငံတကာ
ရာသီဥတုပြဿနာ ချမ်းသာသည့်နိုင်ငံများ ကူညီပေးရန် နိုင်ငံငယ်များတိုက်တွန်း
DVB
·
September 24, 2024
Photo-UNITED NATIONS

ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲတဲ့ နိုင်ငံငယ်လေးတွေအတွက် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေက ပိုကူညီပေးဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုခဲ့ကြပါတယ်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုရဲ့ အဓိကလက်သည်ဖြစ်တဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုအများဆုံးနိုင်ငံတွေ အနေနဲ့ အပြောသက်သက်မဟုတ်ဘဲ ဖြေရှင်းပေးဖို့  အန္တရာယ် အကြီးမားဆုံး ကြုံနေရတဲ့ ကျွန်းနိုင်ငံငယ်လေးတွေရဲ့ ခေါင်းဆောင်တွေက  တောင်းဆိုခဲ့ကြပါတယ်။

ကျွန်းနိုင်ငံငယ်များမဟာမိတ်အဖွဲ့ (AOSIS) ဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အရေးပါတဲ့ အသံတခု ဖြစ်လာပါတယ်။

“ကျုပ်တို့နိုင်ငံတွေဟာ  ပြည်သူတွေကို ကာကွယ်ဖို့ ညီညွတ်မှုနဲ့ ကိုယ်ကျင့်တရား ခိုင်မြဲမှုကနေ ဝေးသည်ထက် ဝေးကွာလာနေပြီ” လို့ AOSIS အဖွဲ့ သဘာပတိ ဆာမိုအာ သဘာဝသံယဇာတနဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး စီးဒရစ်ရှူးစတားက ဝေဖန်ပါတယ်။

ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်အတွက် တာဝန်ရှိတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G20 အဖွဲ့ဝင်နိုင်ငံတွေက ဦးဆောင်သင့်တယ်လို့ ရှူးစတားက သတင်းစာရှင်းလင်းပွဲတခုမှာ နှိုးဆော်ပါတယ်။

စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေက ဦးဆောင်သင့်တယ်လို့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ညှိနှိုင်းရေးအဖွဲ့ ကိုယ်စား မာလာဝီ ရာသီဥတုနဲ့ သဘာဝရင်းမြစ်ဝန်ကြီး ယူဆွတ်ဖ်အမ်ကွန်ဂူလာ ကလည်း တိုက်တွန်းခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာအောင် အဓိက ဖန်တီးနေတဲ့ နိုင်ငံတွေနဲ့ အဲဒီသက်ရောက်မှုတွေကို အဓိက ခံစား ဒုက္ခရောက်ရတဲ့ နိုင်ငံတွေ မတူညီမှုကို ဒီတောင်းဆိုမှုတွေက ဖော်ပြနေပါတယ်။

ရာသီဥတုပြောင်းလဲလာမှုဟာ သဘာဝပတ်ဝန်းကျင်ပြဿနာသက်သက် မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု ပြဿနာတရပ် ဖြစ်လာတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

ကုလသမဂ္ဂ အနာဂတ်အတွက် ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ နိုင်ငံ့ခေါင်းဆောင်အချို့က ဒီကိစ္စကို ဝေဖန်ခဲ့ကြသလို အထွေထွေညီလာခံကျင်းပရာ နယူးယောက်မှာလုပ်တဲ့ ရာသီဥတုဆိုင်ရာ အစည်းအဝေးတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ဝေဖန်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024