အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ရှင်အဖြစ် လက်ခံပြီး ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် လေးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကို ဒဲလ်ဝဲရ် ပြည်နယ်မှာ ကျင်းပနေပါတယ်။
Quad လို့ခေါ်တဲ့ ဒီ ကမ္ဘာ့ခေါင်းဆောင် ၄ ယောက် တွေ့ဆုံပွဲတွေကို တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ဘုံတူညီတဲ့ စိုးရိမ်မှုတွေကို တွေ့ဆုံအဖြေရှာဖို့ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ဒင်ဟာ ဆွေးနွေးပွဲတက်ဖို့ ရောက်လာတဲ့ ဩစတြေးလျဝန်ကြီးချုပ် အန်ထိုနီအယ်လ်ဘနိစ်၊ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါး တို့ကို ကြိုဆိုခဲ့ပါတယ်။
ဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုလို့ ပြောလို့ရတဲ့ ဒီထိပ်သီးဆွေးနွေးပွဲတွေကို သူ ရာထူးက နားပြီးချိန်မှာလည်း ဆက်ကျင်းပနိုင်ဖို့ မျှော်လင့်ထားပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကစခဲ့တဲ့ အင်ဒိုပစိဖိတ် ရေကြောင်းလုံခြုံရေးအစီအမံမှာ အိန္ဒိယသမုဒ္ဒရာ ဒေသကိုပါ ထည့်သွင်းမယ့် အစီအစဉ်ကို ကြေညာဖို့ရှိတယ်လို့ ဘိုင်ဒင်အစိုးရ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး ၆ ကြိမ်မြောက် အခု Quad ဆွေးနွေးပွဲဟာ ဘိုင်ဒင်အတွက်သာမဟုတ်ဘဲ ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးအတွက်ပါ နောက်ဆုံးဖြစ်ပါတယ်။
Source-Reuters