တရုတ်နိုင်ငံ ရှန်ဇန်မြို့မှာ ဂျပန်ကျောင်းသား တဦး ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ခြင်းကို ရှင်းပြပေးဖို့ ဂျပန်နိုင်ငံက တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်ဇန်မြို့မှာ ကျောင်းသား တဦး ဓားထိုးခံရပြီး သေဆုံးခဲ့တာကြောင့် တရုတ်နိုင်ငံကို ရောက်နေတဲ့ ဂျပန်နိုင်ငံသားတွေအတွက်လည်း စိုးရိမ်စိတ်မြင့်တက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါက ဓားထိုးခံရမှုနဲ့ပတ်သက်ပြီး ရှင်းပြဖို့ တောင်းဆို ထားပါတယ်။
အသက် ၁၀ နှစ်အရွယ် ဂျပန်ကောင်လေး တယောက် စက်တင်ဘာ ၁၈ ရက်မှာ ဓားထိုးခံရပြီး သေဆုံးခဲ့တာကြောင့် နောက်ပိုင်းဂျပန်နိုင်ငံသားတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်ပြီးလည်း တရုတ်ဘက် က ဘယ်လိုစီစဉ်ထားလဲဆိုတာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေက တဆင့် မေးမြန်းခဲ့တာပါ။
တရုတ်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ဂျပန်အဖေနဲ့ တရုတ်မိခင်တို့က မွေးဖွားတဲ့ ဂျပန်ကျောင်းသားလေးဟာ မနက် ကျောင်းတက်ချိန် မှာ ဓားထိုးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
၁၀ နှစ်အရွယ်ကောင်လေးကို ရန်ပြုခဲ့သူကတော့ အသက် ၄၄ နှစ်အရွယ်ရှိတဲ့ တရုတ် အမျိုးသား တဦးဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း တရုတ်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ ဂျပန်ကျောင်းသားတွေကို ဒုတိယအကြိမ် တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။
ဇွန်လတုန်းကလည်း လူ တယောက်က ဂျပန်ကျောင်း တကျောင်းကို ကားနဲ့ဝင် တိုက်ခိုက်မှု ဖြစ်ခဲ့ပါသေးတယ်။
အဲဒီအချိန်တုန်းက ဂျပန်လူမျိုးမိခင်နဲ့ ကလေးကို ရန်ပြုသူလက်ကနေ ကာကွယ်ပေးခဲ့တဲ့ တရုတ်အမျိုးသား တဦး သေဆုံးခဲ့ရပါတယ်။
ဓားထိုးမှုဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံမှာရှိတဲ့ ဂျပန်ကျောင်းတွေက ကျောင်းလှုပ်ရှားမှုပွဲတွေကို ဖျက်သိမ်းခဲ့သလို လူမြင်ကွင်းမှာ ဂျပန်စကား ကျယ်ကျယ်လောင်လောင်ပြောခြင်းကိုလည်း ရှောင်ရှားဖို့ သတိပေးမှုတွေ လုပ်ထားပါတယ်။
Source-Reuters