မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းမှာ အမေရိကန် နျူးကလီးယား ရေငုပ်သင်္ဘောတစင်း ရှိနေတာကို ဝေဖန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ နျူးကလီးယား မဟာဗျူဟာကျ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ဖို့ အင်အားပြပြီး ခြိမ်းခြောက်မှုကို တိုးမြှင့်မယ့် အမေရိကန်ရဲ့ ရည်မှန်းချက် သက်သေတခု ဖြစ်တယ်လို့လည်း KCNA က ဆိုပါတယ်။
အမေရိကန်စစ်သင်္ဘော USS ဗာမောင့်ဟာ ပြန်လည်ထောက်ပံ့ဖြည့်တင်းဖို့နဲ့ သင်္ဘောသားတွေကို အနားယူခွင့်ပြုဖို့ ဘူဆန်ရှိ ရေတပ်စခန်းကို စက်တင်ဘာ ၂၃ ရက်မှာ ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားရေတပ်ကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းဌာနက ဖော်ပြပါတယ်။
တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပြင်ပအစီအစဉ်အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံစည်းဝေးခဲ့ကြပြီးနောက်မှာ ကင်မ်ယိုးဂျုံရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Source-Reuters