အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်၊ ဘာမင်ဂမ်မြို့မှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတခုအတွင်း လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြပါတယ်။
Five Points South ဖျော်ဖြေရေးခရိုင်ထဲမှာ ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်လောက်က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
တုံ့ပြန်ရေး အရာရှိတွေက အခင်းဖြစ်ပွားရာ နေရာမှာတင် သေဆုံးသူ ၃ ယောက် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားကို တွေ့ရှိခဲ့ပြီး စတုတ္ထတယောက်ကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဒီလူအုပ်ကို ပစ်ခတ်မှုမှာ သေနတ်သမား အများအပြား ပါတယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပြီး အဖမ်းအဆီး မရှိသေးပါဘူး။
ရဲတပ်ဖွဲ့က ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ပြည်သူတွေဆီက သတင်းရယူဖို့ကိုလည်း တောင်းဆိုထားပါတယ်။
Source-Reuters