မြောက်ကိုရီးယားနိုင်ငံမှာ နျူးကလီးယားလက်နက်တွေ အနည်းဆုံး ဆယ်ဂဏန်းချီ ထုတ်လုပ်နိုင်လောက်တဲ့ ပလူတိုနီယမ်နဲ့ ယူရေနီယမ်သတ္တုတွေ အလုံအလောက်ရှိနေတယ်လို့ တောင်ကိုရီးယား လွှတ်တော်အမတ် အီဆောင်းကွမ်းက စက်တင်ဘာ ၂၆ ရက်မှာ နိုင်ငံရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီကို ကိုးကားပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ ယူရေနီယမ်ပမာဏ အများအပြား ပိုင်ဆိုင်ထားပြီး ဒါကို လက်နက်အနေနဲ့ ထုတ်လုပ်လိုက်တဲ့အခါ အရေအတွက် အများအပြားကို ထုတ်လုပ်နိုင်တဲ့ အလားအလာ ရှိနေတယ်လို့ ပါလီမန် ထောက်လှမ်းရေးကော်မတီမှ လွှတ်တော်အမတ် အီဆောင်းကွမ်းက ပြောလိုက်တာပါ။
နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ပြီးရင် ၇ ကြိမ်မြောက် နျူစမ်းသပ်မှု လုပ်လာနိုင်ခြေ အလားအလာကိုလည်း အေဂျင်စီက ကြိုမြင်နေတယ်လို့ ဆိုပါတယ်။
ICBM လွှတ်တင်ခြင်း၊ ဂြိုဟ်တုပစ်လွှတ်ခြင်း သို့မဟုတ် ဒုံးကျည်စမ်းသပ်မှုတွေလို စစ်ရေးရန်စမှု ပုံစံအမျိုးမျိုး ရှိနေတယ်လို့လည်း ဆိုပါတယ်။
ပြုံယမ်းဟာ နျူးကလီယားထိပ်ဖူး အရေအတွက် ၉၀ အထိ တည်ဆောက်ဖို့ အလုံအလောက် ထုတ်လုပ်နိုင်ပေမဲ့ ၅၀ နီးပါး တပ်ဆင်ထားပြီးနိုင်ဖွယ်ရှိကြောင်း ဇူလိုင်လတုန်းက အမေရိကန်သိပ္ပံပညာရှင်များ အဖွဲ့ချုပ်က အစီရင်ခံစာတစောင်မှာ ကောက်ချက်ချထားပါတယ်။
ပြုံယမ်းက အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ သူ့ရဲ့ နျူလက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို သယ်ဆောင်ထားရှိမယ့် လက်နက်တိုက် လိုအပ်နေသေးတယ်လို့ ပြောထားပါတယ်။
Source-Reuters