ရခိုင်ပြည်နယ်ထဲက ကုန်ပစ္စည်းတွေပို့ခွင့်ပေးဖို့ လာဘ်စားခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးတွေ အပါအဝင် တပ်အရာရှိ ၆ ယောက်ကို စစ်ခုံရုံးက စွဲချက်တင်လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဦးစီး ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဗိုလ်မှူး စိုးရန်နိုင်နဲ့ တပ်ရင်းမှူး အဆင့် ၂ ယောက်၊ စုစုပေါင်း ၆ ယောက်ကို အောက်တိုဘာ ၇ ရက်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ)က အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အောက်တိုဘာလ ၇ ရက်လောက်က အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဦးစီး ဗိုလ်မှူးကြီးမျိုးညွန့်ဦး အပါအဝင် တပ်အရာရှိ ၆ ယောက်ကို ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးနဲ့ ဂွ-ငါးသိုင်းချောင်း လမ်းဆုံမှာရှိတဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းတွေကို ရခိုင်ကို လာဘ်ငွေသိန်းထောင်ပေါင်းများစွာ ရယူခွင့်ပြုခဲ့မှုနဲ့ ဖမ်းဆီး အရေးယူခဲ့တာ။ သူတို့ကို စစ်ဆေးချက်များအရ လာဘ်ပေးလာဘ်ယူမှုထင်ရှားလို့ စစ်ခုံရုံးက စွဲချက်တင်ထားတာ လို့သိရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အကျင့်ပျက်ခြစားတဲ့ စစ်ကောင်စီ တပ်အရာရှိကြီး ၆ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးပြီး အိမ်ခြံမြေ၊ KTV နဲ့ ဘဏ်စာအုပ် စတဲ့ ပိုင်ဆိုင်မှုတွေကို လတ်တလောသိမ်းဆည်းထား တယ်လို့ သိရပါတယ်။
ပုသိမ်မြို့က တပ်မိသားစုဝင်တယောက်က “၆ ယောက်လုံးကို ရန်ကုန်မြို့၊ မင်္ဂလာဒုံတပ်မှာ စရဖက ဖမ်းဆီး စစ်ဆေးနေတာပါ။ အကျင့်ပျက်ခြစားမှုနဲ့ သူတို့အားလုံးကို ဖမ်းဆီးခဲ့တာ။ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေထဲက လတ်တလောစုံစမ်းစစ်ဆေးချက်အရ သိန်းပေါင်း ၅ သောင်းလောက်ကို ဖမ်းသိမ်းထားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ် အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းထားတဲ့အပြင် တပ်အရာရှိ ၆ ယောက်ရဲ့ မိသားစုတွေကိုလည်း တပ်တွင်းနေရာတွေကနေ ဖယ်ရှားပေးဖို့ အမိန့်ထုတ်ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် အမှုရဲ့နောက်ဆက်တွဲ ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်လက်ရှာဖွေ စစ်ဆေးဖော်ထုတ်နေပြီး ရာထူးချတာတွေပါလုပ်နေတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။