Home
မြန်မာသတင်း
ရခိုင်သို့ အပို့ခံထားရသည့် မအူပင် ၂၇ ခြေလျင်တပ်ရင်းမှ စစ်သား ၃၀ ကျော် ပျောက်ဆုံးနေ
DVB
·
October 14, 2024
Photo - MV

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို အပို့ခံရတဲ့ ဧရာဝတီတိုင်း၊ မအူပင်အခြေစိုက် အမှတ် ၂၇ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်ရဲ့ အရာရှိအဆင့်တွေအပါအဝင် အယောက် ၃၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မအူပင်အခြေစိုက် အမှတ် ၂၇ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်ရဲ့ အရာရှိတွေ အပါအဝင် စစ်သား အယောက် ၃၀ ကို စစ်ခေါင်းဆောင်ရဲ့အမိန့်နဲ့ ဇူလိုင် ၁၅ ရက်က တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို စစ်ဆင်ရေးတာဝန်နဲ့ ပို့ခဲ့တာ ဖြစ်ပါတယ်။

မအူပင် အမှတ် ၂၇ တပ်နဲ့ နီးစပ်သူတယောက်က “အားလုံး အယောက် ၃၀ ကျော်ကို ရွေးထုတ်ပြီး စကစ အမိန့်နဲ့ ရခိုင်ပြည်နယ်ဘက် လွှတ်ခဲ့တာလို့ သိရတယ်။ ပို့ခံရတဲ့သူတွေက ဘယ်ရောက်နေမှန်း၊ ဘယ်လိုအခြေအနေဖြစ်လဲ ဆိုတာ ဒီနေ့အထိ အဆက်အသွယ်မရ ဖြစ်နေတာ။ တာဝန်ရှိသူတွေကတော့ ချိတ်ဆက် စုံစမ်းနေတာပဲ” လို့ ပြောပါတယ်။

မအူပင် အမှတ် ၂၇ ခြေလျင်တပ်ရင်းကနေ ရခိုင်ပြည်နယ် အပို့ခံရပြီး အဆက်အသွယ်မရ ဖြစ်နေတဲ့ စစ်သည်တွေထဲမှာ ဗိုလ်မှူးအဆင့် အပါအဝင် အိမ်ထောင်သည်စစ်သားတွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

တပ်မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က “အဆက်အသွယ်ပြတ်နေတဲ့ အထဲမှာ တလအတွင်း ၂ ကြိမ် တိုက်ပွဲထွက်ရတဲ့ စစ်သည်တွေလည်း ပါတယ်။ အခုဆို စစ်သည်တွေလည်း စိတ်ဓာတ်တွေ အရမ်းကျနေကြပြီ။ သူတို့ရွေးချယ်ထားတဲ့လမ်းမို့ ဆက်လျှောက်နေတဲ့ စစ်သည်တွေလည်း ပါတာပေါ့။ တောင့်မခံချင်တော့သူတွေပါ ရှိလာတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့က စစ်ကောင်စီရဲ့ ခလရ ၉၈ တပ်က စစ်သားတွေ ရခိုင်ပြည်နယ်ကို ရှေ့တန်းအပို့ခံရပြီး ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၁၀ ယောက်ထက်မနည်း သေဆုံးကာ ကျန်တဲ့လူအားလုံး အဆက်အသွယ် ပြတ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013