Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်သား ၁ ဦးနှင့် ရဲတပ်သားဇနီး ၁ ဦးတို့ အလင်းဝင်
DVB
·
October 14, 2024
Photo - ဆင်ရိုင်းရာဇာ PDF/ BPDF

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရဲတပ်သားရဲ့ ဇနီးတယောက်နဲ့ စစ်ကောင်စီတပ်သားတယောက်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက် ခိုလှုံလာ ပါတယ်။

ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မြိုင်မြို့မရဲစခန်းကနေ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တခုဆီကို အလင်းဝင်ထားတဲ့ ရဲတပ်သားရဲ့ဇနီးက တခြားရဲတယောက်ရဲ့ သေနတ်နဲ့ ကျည်တွေ ခိုးလာပြီး ကျနော်တို့အဖွဲ့ဆီကို ခိုးဝင်လာတာပါ။ သူ့အမျိုးသားကလည်း အလင်းဝင်ထားတာဆိုတော့ စခန်းထဲမှာ ကျန်နေခဲ့တဲ့ သူ့ကို အလစ်မပေးဘူးတဲ့။ ကျနော်တို့ဆီကို ကြိုဆက်သွယ်ထားတာ အခုမှ အခွင့်သာလို့ ထွက်ပြေးလာတာ။ မြိုင်ရဲစခန်းမှာ ကျန်နေခဲ့တဲ့ သေနတ်ပိုင်ရှင်ကတော့ အထုအထောင်း ခံနေရတယ်လို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားတယောက်ရဲ့ ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မယုယုဇာဟာ G3 သေနတ် ၁ လက်နဲ့ G3 ကျည် ၁၉ တောင့် ယူဆောင်လာပြီး အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ ခိုဝင်လာတာတယ်လို့ ဆိုပါတယ်။

ဆင်ရိုင်းရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံတယောက်က “လက်ရှိအချိန်မှာတော့ မယုယုဇာကို ကျနော်တို့စခန်းကပဲ တာဝန်ယူ စောင့်ရှောက်ပေးထားပါတယ်။ နောက်ရက်မှ သူ့အမျိုးသားနဲ့အတူနေထိုင်နိုင်ဖို့နဲ့ သူတို့ရှေ့ရေးတွေအတွက်ကို စီစဥ်ဆောင်ရွက်ပေးသွားမှာပါ။ စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုထိ ကျနော်တို့အဖွဲ့ဆီကို ရဲတပ်သား ၂ ဦး အပါအဝင် ခိုလှုံအလင်းဝင်လာသူ ၃ ဦးရှိနေပါပြီ” လို့ ပြောပါတယ်။

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာ တပ်စခန်းက စစ်ကောင်စီတပ်သားတယောက်လည်း အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Burmese Peacock Defense Force (BPDF) ဆီကနေ သိရပါတယ်။

BPDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူ အလင်းဝင်မလာခင် အရင်နေ့က ကန်နီပျူရွာက စကစ စခန်းတခုကို RC Plane တွေနဲ့ ဗုံးကြဲခဲ့လို့ သူတို့ကင်းတဲ ၁ လုံး မီးလောင်ပျက်စီးသွားတယ်။ အဲဒီတိုက်ခိုက်မှုအပြီး သူ အလင်းဝင်တာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၂ တပ်ရင်းက တပ်သား ဝေဖြိုးအောင် (တ/၅၃၅၉၂၃) ဖြစ်ပြီး MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ၅.၅၆ ကျည် ၂၂၈ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း မိမိအသက်နဲ့ မိသားစုရဲ့ ဘဝရှေ့ရေးတွေကို ငဲ့ညှာထောက်ထားပြီး နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ ယုံကြည်မှု အပြည့်အဝ ထားပြီး အလင်းဝင်ရောက် ခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024