Home
မြန်မာသတင်း
ရေစကြိုတွင် ကင်းစောင့်စစ်သား ၁ ဦး ဖမ်းဆီးခံရ၊ သန်းခေါင်စာရင်းအတွက် ကူညီသူများကို နတ်မောက် PDF အရေးယူမည်
DVB
·
September 27, 2024
photo Crd-Myingyan Black Tiger-MBT

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ကပ်ကျော်ကျောင်းမှာ ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သားတဦးကို ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger-MBT က ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၉ MBT အဖွဲ့ကရဲဘော်တွေ စက်တင်ဘာ ၂၅ ရက် ည ၉ နာရီခွဲလောက် ကင်းပတ်နေချိန်မှာ တွေ့ရှိခဲ့ရာက အနီးကပ်ဖမ်းဆီးနိုင်ခဲ့တာလိူ့ မြင်းခြံခရိုင်တပ်ရင်း ၉ MBT ရဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

“ရဲဘော်တွေ ကင်းပတ်ရင်း ရန်သူ့စခန်းအနားကိုရောက်တဲ့အချိန် ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သားတဦးကို သေနတ်နဲ့ထောက်ပြီး အသာလေး ဖမ်းခေါ်ခဲ့တာပါ။ သူကျူးလွန်ထားတဲ့ ပြစ်မှုတွေကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပဲ၊ မသိရသေးဘူး။ သူရဲ့ ပြစ်မှုပေါ်မှာ မူတည်ပြီးတော့ပဲ အပြစ်ပေး အရေးယူသွားဖို့ရှိပါတယ်။”

စစ်ကောင်စီတပ်သားကို MA 1 ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၃၀ တောင့်နဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ကိုတော့ Myingyan Black Tiger-MBT အနေနဲ့ လက်ရှိမှာ စစ်သုံ့ပန်းဥပဒေနဲ့ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးပြီးပါက ပြစ်မှုအပေါ်မူတည်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ကို ချမှတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းအတွက် ကူညီဆောင်ရွက်ပေးနေသူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်ကောင်စီကခိုင်းတဲ့ သန်းခေါင်စာရင်းကောက်တဲ့ကိစ္စမှာ ပါ၀င်ဆောင်ရွက်ကြတဲ့ မည်သူ့ကိုမဆို စစ်ရေးပစ်မှတ်တွေလို သဘောထားပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်လို့ မပါ၀င်မကူညီကြဖို့ ကြိုတင်သတိပေးထားတာပါ။ သန်းခေါင်စာရင်းကောက်တဲ့အထဲမှာ ပါ၀င်ကြရမယ့် Non CDM ၀န်ထမ်းတွေကို မပါ၀င်ကြဖို့ ပိုပြီးသတိပေးချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

သန်းခေါင်စာရင်းကောက်တဲ့ကိစ္စမှာသာမက စစ်ကောင်စီတပ်အတွက် တပ်သားသစ် စုဆောင်းပေးနေကြသူတွေနဲ့ ဆက်စပ်သူတွေအားလုံးကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“Non CDM ၀န်ထမ်းတွေအနေနဲ့ အ​ခြေအနေအရ CDM မလုပ်နိုင်တာကို ခွင့်လွှတ်ပေးထားလို့ ရပေမဲ့ စစ်ကောင်စီသက်ဆိုးရှည်မယ့် ရွေးကောက်ပွဲအတွက် တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်၀ိုက်တဲ့ နည်းနဲ့ပဲဖြစ်ဖြစ် သန်းခေါင်စာရင်းကောက်တဲ့ကိစ္စမှာ ပါ၀င်လုပ်ဆောင်ကြရင်တော့ ကျနော်တို့အနေနဲ့ လုံး၀ခွင့်လွှတ်မှာမဟုတ်ဘူး” လို့ နတ်မောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောင်ယူရာမှာ ကူညီဆောင်ရွက်ပေးနေသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်သတိပေးထားပါတယ်။

မြောက်ဥက္ကလာနဲ့ ရွှေပေါက္ကံမြို့နယ်တွေအတွင်းက ပြည်သူတွေဆီကနေ သန်းခေါင်စာရင်းအတင်းအကျပ်ကောက်ခံသူတွေကို အရေးယူသွားမယ်လို့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာ ပကဖ က ထုတ်ပြန်ကြေထားသလို စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူဖို့ကြိုးပမ်းမှုကို ပြည်သူတရပ်လုံး နည်းလမ်းပေါင်းစုံသုံးပြီး ဆန့်ကျင်ကြဖို့ ရန်ကုန်အခြေစိုက်လူထုသပိတ်အစုအဖွဲ့တွေက စက်တင်ဘာ ၂၆ ရက်မှာ တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ လာမယ့် ၂၀၂၅ ခုနှစ်၊ နို၀င်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်လို့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၁၅ ရက်ကြာ သန်းခေါင်စာရင်းကောက်ယူသွားမယ်လို့ စက်တင်ဘာ ၁ ရက်မှာ ပြောကြားခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013