မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ စက်တင်ဘာ ၂၂ ရက်၊ ည ၇ နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်သားတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးငယ် တယောက် စိုးရိမ်ရတဲ့ဒဏ်ရာရှိပြီး လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားပါတယ်။
မြို့ခံတယောက်က “ရုံးပေါင်းစုံထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေ ၂ ခါပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ မြို့ပေါ်က ကလေးမလေးတယောက် ဆေးရုံကို အရေးပေါ်တင်ထားရတယ်။ အိမ် ၂ လုံးလည်း ပျက်စီးသွားတယ်။ အခုတလော ရုံးပေါင်းစုံထဲကစစ်သားတွေ ညပိုင်းမူးရူးပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေ စိတ်လာတော့ မြို့ခံတွေလည်းစိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ပထမအကြိမ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးဟာ ရေစကြိုမြို့ အမှတ် ၈၊ ဇေယျဝတီရပ်ကွက်က ဒေါ်ခင်လှိုင်ရဲ့ နေအိမ်ပေါ်ကို ကျရောက်ခဲ့တာဖြစ်ပြီး နေအိမ် ပျက်စီးသွားသလို ဒုတိယအကြိမ် ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အဆိုပါရပ်ကွက်အတွင်းက ကားဆရာ ကိုဖိုးဇော်ရဲ့ နေအိမ်ပေါ်ကျရောက်ပြီး နေအိမ်ပျက်စီးသွားခဲ့တာဖြစ် ပါတယ်။
ဇေယျဝတီရပ်ကွက်နေ ပြည်သူတယောက်က “အသက် ၃၀ လောက်ရှိတဲ့ ဒေါ်ခင်လှိုင် ရဲ့မြေးမလေး ခိုင်သဇင်မာကတော့ ကျည်စထိတဲ့ ဒဏ်ရာပြင်းထန်လို့ ပခုက္ကူဆေးရုံကို အရေးပေါ် တင်လိုက်ရတယ်။ အခြေအနေကောင်းတယ်တော့ ကြားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ စက်တင်ဘာ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီ၀န်းကျင်မှာ ရေစကြိုမြို့မြောက်ဘက်က ကန်ကြီးတောကျေးရွာတောင်ဘက်ပိုင်းကို ထပ်မံ ဗုံးကြဲချသွားပြီး မြိုင်မြောက်ဘက် အင်းရောင်းကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြို PDF ပြန်ကြားရေးတာ၀န်ခံတဦးက “ကန်ကြီးတောရွာတောင်ဘက်ကို ဗုံးကြဲခံရတာ နေအိမ်တချို့ပျက်စီးသွားတယ်။ အင်းရောင်းရွာဘုန်းကြီးကျောင်းက ဦးပဥ္စင်း တပါးနဲ့ လူတယောက် ဒဏ်ရာရပြီး အဆောက်အဦတွေ ထိခိုက်ပျက်စီးတာရှိတယ်လိုပဲ ကျနော်တို့ဆီကို သတင်း၀င်လာပါသေးတယ်။ ကျနော်တို့ဆီက တာ၀န်ရှိတဲ့သူတွေလည်း ဗုံးကြဲခံရတဲ့နေရာတွေကို ရောက်နေပါပြီ။ ဖုန်းလိုင်းတွေ အဖျက်ခံထားရတော့ သတင်းကအချိန်မီမရဘူးဖြစ်နေတယ်။ ထိခိုက်ပျက်စီးမှုအခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။
အခုရက်ပိုင်း စစ်ကောင်စီတပ်ဟာ ရေစကြိုမြို့နယ်ထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေလို့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့နဲ့ ဗုံးခိုကျင်တူးတာတွေ လုပ်ဆောင် ထားကြဖို့ လည်း တိုက်တွန်းထားပါတယ်။
ကန်ကြီးတောကျေးရွာကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်၊ ဘုရားစေတီနဲ့ စာသင် ကျောင်းဆောင်တွေအပါအ၀င် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူဦးရေ ၅၀၀ ၀န်းကျင်နေထိုင်တဲ့ ကန်ကြီးတောကျေးရွာက ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။