မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်တပ်ကနေ အဆက်အသွယ်ပြတ်လို့ ပျောက်ဆုံးစာရင်း အသွင်းခံရတဲ့ စစ်ကောင်စီ ဗိုလ်မှူး ၁ ယောက်ရဲ့ မိသားစုဝင်တွေကို စက်တင်ဘာလဆန်းပိုင်းမှာ စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ရေစကြိုမြို့ခံတယောက်က “ပြီးခဲ့တဲ့လတွေထဲက ပင်လည်ဘူးမြို့နယ်ထဲက တိုက်ပွဲမှာ စစ်တပ်နဲ့အဆက်အသွယ်ပြတ်သွားပြီး ပျောက်ဆုံးစာရင်းအသွင်းခံရတဲ့ ရေစကြို မြို့နယ်ဇာတိ ဗိုလ်မှူးထွန်းလင်းကျော်ရဲ့ မိသားစုဝင်တွေကို စစ်တပ်က အခု လဆန်းပိုင်းကတည်းက ခေါ်သွားတာ” လို့ DVB ကို ပြောပါတယ်။
ဗိုလ်မှူးထွန်းလင်းကျော်ဟာ ရေစကြိုမြို့နယ်ဇာတိဖြစ်ပြီး မိသားစုဝင်တွေကတော့ ရေစကြိုမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။
အမှတ် ၃ ရပ်ကွက်ဒေသခံတယောက်က “စစ်တပ်က အာဏာသိမ်းပြီး CDM မလုပ်လို့ သူ့ရဲ့ မိသားစုတွေကို မြို့ခံတွေက ကြဉ်ဖယ်ထားကြတော့ သူတို့ရဲ့မိသားစုဝင်တွေ ဘယ်နှယောက်ရှိလဲ ဆိုတာ မသိဘူးရယ်။ စစ်တပ်က ကားတွေနဲ့လာပြီးခေါ်သွားတာ ၂ ပတ်လောက်ရှိပြီ။ အခုထိတော့ ပြန်မရောက်ကြသေးဘူး။ အိမ်ကလည်း အခုထိ သော့ခတ်ထားတယ်။ သူတို့ကို ဘယ်ခေါ်သွားကြပြီး ဘယ်မှာထားပြီး ဘယ်မှာနေနေလဲတော့ မသိဘူး” လို့ ပြောပါတယ်။
ရေစကြိုမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့မြို့နယ်တခု ဖြစ်ပြီး ရေစကြိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ခံတချို့ သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဒီမြို့နယ်ထဲက တချို့ရွာတွေမှာရှိကြတဲ့ တပ်နဲ့ ဆက်စပ်တဲ့မိသားစုတွေဆိုရင် အရင်လပိုင်းတွေထဲကတည်းက သူတို့လုံခြုံမယ်ထင်တဲ့နေရာကို မိသားစုလိုက်ပြောင်းရွှေ့ကုန်တာတွေရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ရေစကြိုမြို့နယ်၊ မအူနယ်မြေရဲစခန်းကို PDF တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။