Home
မြန်မာသတင်း
မုံရွာ-ချောင်းဦးလမ်းနှင့် မင်းကင်းတွင် စစ်ကောင်စီတပ်၊ စစ်သ‌င်္ဘောများ တိုက်ခိုက်ခံရ
DVB
·
September 20, 2024
photo Crd-Monywa The Boys

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၉ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Monywa The Boys အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မုံရွာကနေ ချောင်းဦးဘက်ကို စစ်ကူထွက်လာတဲ့ သူတို့ကောင်တွေပါလာတဲ့ စစ်ကားတွေနဲ့ မအူစစ်ဆေးရေးဂိတ်ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးသလို ၃ ယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Monywa The Boys အဖွဲ့ရဲ့ စစ်ကြောင်းတာဝန်ခံတယောက်က “နေရာမှာတင် ၁၀ ယောက်သေတာကိုတော့ မျက်မြင်တွေ့ခဲ့ရတာပါ။ ဒဏ်ရာရတဲ့သူတွေ များတဲ့အထဲက ၃ ယောက်ကတော့ သေနိုင်လောက်အောင် ပြင်းထန်တယ်။ အဲဒီစစ်ကြောင်းကကောင်တွေ ရှေ့ဆက်မသွားနိုင်ဘဲ ဒဏ်ရာရတဲ့ကောင်တွေကို တင်ပြီးတော့ ချောင်းဦးဘက် ပြန်လှည့်သွားကြတယ်။ ကျနော်တို့တပ်ပေါင်းစုက ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ အေးအေးဆေးဆေး ပြန်ဆုတ်ခဲ့ကြတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ ၂၊ Commando Force၊ Democratic Guerrilla Force (D.G.F)၊ ဘာမထီ ပြောက်ကျားတပ်ဖွဲ့တို့နဲ့အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၉ Idols Column အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ကနေ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်သ‌င်္ဘော ၉ စီးကိုလည်း စက်တင်ဘာ ၁၈ ရက် နေ့ခင်းပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းကင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကနေ သိရပါတယ်။

စစ်သ‌င်္ဘော ၉ စီးဟာ ဟုမ္မလင်းမြို့နယ်ထဲကနေ ချင်းတွင်းမြစ်အောက်ပိုင်းကို စုန်ဆင်းလာပြီး အခုလို တိုက်ပွဲ ဖြစ်ပွားတာလို့ ဆိုပါတယ်။

မင်းကင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တာဝန်ရှိသူ ဗိုလ်သံလုံးက “တောင်ဖြူရွာ၊ ပန်းဆက်ရွာကနေ စုန်ဆင်းလာတာကို ကျနော်တို့ဘက်က အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာဗျ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ အထိအခိုက်ကတော့ ကျနော်တို့ဘက်ကလည်း မရှိခဲ့သလို စစ်တပ်ဘက်က အထိအခိုက်လည်း မသိရဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို မင်းကင်းဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုနဲ့ မုံရွာခရိုင် တပ်ရင်း ၃ ရဲ့ တပ်ခွဲ ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ပင်းနှင်းရွာသူတယောက်က “တိုက်ပွဲကတော့ ဖြစ်ကြတယ်။ ကျမတို့ ပင်းနှင်းရွာက ပြည်သူတွေတောင် စစ်သ‌င်္ဘောတွေ လာလို့ ရွာထဲကနေ ထွက်ပြေးရသေးတယ်။ သူတို့ အပြန်အလှန်တော့ ပစ်ကြတယ်။ ပြည်သူ့ကာကွယ်ရေးတပ်က အထိအခိုက်ရှိတယ်ဆိုတဲ့ အသံ‌တော့ မကြားရဘူး။ စစ်သင်္ဘောတွေ ရွာရဲ့ အောက်ဘက်ရောက်သွား‌တော့ ရွာထဲပြန်ဝင်နေထိုင်ကြတယ်” လို့ ပြောပါတယ်။

စစ်သ‌င်္ဘော ၉ စီးပေါ်မှာ ပါလာတဲ့ စစ်သားတွေဟာ စက်တင်ဘာ ၁၇ ရက် ညနေမှာ မင်းကင်းမြို့နယ်၊ ယားကျေးရွာကို ဝင်ရောက်ပြီး ပြည်သူ ၃ ယောက်ကို ဖမ်းဆီးသွားကာ ဒီနေ့အချိန်အထိ မိသားစုနဲ့ အဆက်အသွယ် မရရှိသေးတာကြောင့် မိသားစုဝင်တွေက အသက်အန္တရာယ်အတွက် စိုးရိမ်‌နေကြတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013