မကွေးတိုင်း၊ ရေစကြိုမြို့မှာ စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က မြို့ခံလူငယ် တယောက်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အဲဒီကလေးက ဆိုင်ကယ်စီးလာတာကို ရုံးပေါင်းစုံထဲက ထွက်လာတဲ့ စစ်သားတွေနဲ့ သွားတိုးတာ။ ဆိုင်ကယ်စီးလာတဲ့ကလေးက ဆိုင်ကယ်စီးဦးထုပ်မပါလို့ စစ်သားတွေနဲ့လွတ်အောင် မြန်မြန်မောင်းပြေးတာကို နောက်ကနေ သေနတ်နဲ့ လှမ်းပစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနင်းလာတဲ့ ရေစကြိုမြို့၊ အမှတ် ၈ ဇေယျဝတီရပ်ကွက်၊ ဘောလုံးကွင်းတောင်ဘက်မှာ နေထိုင်ပြီး လက်သမားအလုပ် လုပ်ကိုင်နေတဲ့ အသက် ၂၈ နှစ်အရွယ် ကိုမဲညိုဟာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အတွက် ပခုက္ကူဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရတယ်လို့ ဆိုပါတယ်။
နီးစပ်သူတယောက်က “သူက မြစ်ကြီးနားဘက်မှာ လက်သမားသွားလုပ်နေပြီး ပြန်ရောက်တာ မကြာသေးဘူး။ ရက်ပိုင်းပဲရှိသေးတယ်။ ဒီမြို့က စစ်သားတွေရဲ့ ပြည်သူအပေါ် ရက်ရက်စက်စက် လုပ်တတ်တဲ့အကြောင်း မသိသေးတော့ ခံရတာ။ ဒဏ်ရာက တော်တော်ပြင်းတယ်။ ကျည်က နောက်ကျောကနေ ရင်ဘတ်ကို ထုတ်ချင်းပေါက် ထွက်သွားတာ။ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်ကလည်း ရေစကြိုမြို့၊ အမှတ် ၁၊ နဂါးရုံးရပ်ကွက်မှာ နေထိုင်တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၂၆ နှစ်အရွယ် မောင်ဖြိုးသက်ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။