ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းနဲ့ ဒေါနတောင် လမ်းဟောင်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျစစ်ကြောင်းက စစ်မှုထမ်း တပ်သားသစ်တွေနဲ့ လူအင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ၂၆ ရက်က ကော့ကရိတ်-မြဝတီ(အာရှ)လမ်းမကြီးနဲ့ ဒေါနတောင်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် တကျော့ပြန် ထိုးစစ်ဆင်လာတာပါ။
စစ်ကောင်စီက လူအင်အားဖြည့်တင်းပြီး ကော့ကရိတ် ရွှေကြက်မင်းဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး နောက်တန်းခံစစ်အသွင်နဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်စတင်နေတာလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“အခြေအနေကတော့ လောလောဆယ် မနေ့ကကော မနက်ပိုင်းကကော အသံတွေကြားတယ်။ Y 12 တွေပတ်တာ ခဏခဏပဲ။ လွန်ခဲ့တဲ့ ၅ ရက်လောက်တည်းက အင်အားဖြည့်တင်းပြီး မြဝတီကိုတက်နိုင်ဖို့ ကြိုးစားနေတယ်။ ပွဲကြီးတော့ မဖြစ်သေးဘူး။ သူတို့လည်း သူတို့နေရာကနေ တိုးတဲ့ပုံစံ လုပ်နေတာ။ ထိပ်တိုက်မဝင်ရဲဘူး ဖြစ်နေတယ်။ ပစ်တာက ရမ်းသန်းပစ်နေတာ။”
စက်တင်ဘာ ဒုတိယပတ်က စတင်ပြီး ဘားအံ၊ ကျုံဒိုးဘက်ကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေနဲ့ အရပ်သားယာဉ်တွေကို အသုံးပြုပြီး ကား ၅ စီးနဲ့ မြဝတီဘက်ကို တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတယောက်က “ရိုးရိုးကုန်တင်ကားကြီးတွေထဲ အပြည့်ပဲ။ စစ်မှုထမ်းကောင်လေးတွေ အများကြီးပဲ၊ အထဲမှာ သေနတ်လေးတွေကိုင်ထားပြီး ကား ၃ စီး အပြည့်။ နောက် ဒိုင်နာကားနဲ့ တစီးအပြည့်။ စစ်စိမ်းရောင် ဂျစ်ကားလိုပုံနဲ့ ဗိုလ်ကားတစီး၊ အားလုံး ကား ၅ စီး အပြည့်ပဲ၊ ကျုံဒိုးကနေ မြဝတီဘက် တက်သွားတယ်” လို့ ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဧပြီလကတည်းက ဖြစ်ပါတယ်။
လက်ရှိ တပ်မဟာ ၆ နယ်မြေအတွင်း အနန်းကွင်းစစ်ဗျူ၊ စွယ်တော်ကုန်းဗျူဟာ၊ ဖာပွန်ဗျူဟာတွေ လက်လွတ်မဆုံးရှုံးရအောင် စစ်ကောင်စီတပ်ဘက်က နေ့တိုင်းလိုလို ဝေဟင် မြေပြင်တွေကနေ စစ်ကူပေး တိုက်ခိုက်နေပါတယ်။