Home
မြန်မာသတင်း
ဖားကန့် ဆိုင်းတောင်ရွာတွင် တိုက်ပွဲဆက်ပြင်းထန်၊ စစ်ရှောင် ၅,၀၀၀ ကျော်ရှိလာ
DVB
·
September 19, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှိလာပြီလို့ သိရပါတယ်။

ဆိုင်းတောင်ရွာအတွင်း စစ်ကောင်စီတပ်တွေနဲ့ KIA၊ KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေတာ ၂ ပတ်ကျော်ရှိလာပြီး စစ်ရှောင်ပြည်သူ ၅,၀၀၀ ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်က ဖားကန့်တပ်မကုန်းကနေ ကျန်ဂတ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA၊  KPDF တို့က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် အဲဒီ အနီးတဝိုက်က စည်ပင်ရပ်ကွက်၊ ထုံးဘိုရပ်ကွက်၊ ကျန်ဂတ်၊ ရွာဟောင်းစတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းက စက်တင်ဘာ ၆ ရက် ညက ဆိုင်းတောင်ဘက်ကို စစ်ကြောင်း ထိုးလာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆိုင်းတောင်ရွာထဲက ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ယူမာ၊ ဆန်းကြွယ်၊ မှော်တောင်း၊ ဖားပြင်၊ ကျောက်သွေးတောင်ရပ်ကွက် စတဲ့ရပ်ကွက်တွေက ဒေသခံတွေ စစ်ရှောင်နေရကာ စားဝတ်နေရေးအတွက် အခက်အခဲ ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“စက်တင်ဘာ ၆ ရက်နေ့ ညမှာ ဆိုင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးလာလို့ KIA KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တော့ ဆိုင်းတောင်ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ ပြီးရင် ယူမာ၊ ဆန်းကြွယ်၊ မှော်တောင်း၊ ဖားပြင်၊ ကျောက်သွေးတောင်ရပ်ကွက် အဲ့ကပြည်သူတွေ အကုန်လုံး စစ်ရှောင်နေကြတယ်။ ပြည်သူတွေက နီးစပ်ရာ ရှောင်နေကြတာ။ တချို့က ဆိုင်းအောင်၊ နမ့်မှော်၊ မှော်ရှန်၊ ဝှေခါဘက် ရှောင်ကြတယ်။ ဆန်းကြွယ်၊ မှော်တောင်းကသူတွေက စစချင်း ဆန်းကြွယ်ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ကြတာ။ ဒါပေမဲ့ အဲဒီဘက်မှာလည်း တိုက်ပွဲတွေ  ဖြစ်လာမှာစိုးတော့ ပြည်သူတွေ အကုန်လုံး အထုပ်တွေပြင်ပြီး နီးစပ်ရာ ထွက်ပြေးနေကြရတယ်။ ပြည်သူတွေက စစ်ရှောင်ရတာ နည်းနည်းကြာလာပြီဆိုတော့ နေဖို့ စားဖို့တွေ အားလုံး အဆင်မပြေ ဖြစ်နေကြတယ်။ အားလုံးဒုက္ခရောက်နေကြတယ်။ အားလုံးက စစ်ပွဲ ခဏနဲ့ပြီးမယ် ထင်ပြီးတော့ ပစ္စည်းတွေအများကြီး မယူသွားကြဘူး။ စစ်ပွဲက နည်းနည်းကြာလာတော့ အကုန်ဒုက္ခရောက်နေကြတာ။ စစ်ရှောင်ဦးရေကတော့ ၅,၀၀၀ အထက် ရှိနိုင်တယ်။ စာရင်းအတိအကျရဖို့ ခက်တော့ စစ်ရှောင်ကတော့ တော်တော်များတယ်။”

စက်တင်ဘာ ၁၇ ရက်ကလည်း စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် မှော်တောင်းရွာက ကုမ္ပဏီဝင်းတခုရဲ့ ဆီကန်ထဲ ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့တာကြောင့် ဆန်းကြွယ်၊ မှော်တောင်းရပ်ကွက်က ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ၂ ပတ်ကျော်အတွင်း အရပ်သားပြည်သူတွေ သေဆုံးမှု ၃၀ ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဖားကန့်မြို့ ဗျူဟာကုန်းက လက်နက်ကြီး တွေ ပစ်ကူနေတာကြောင့် အရပ်သားပြည်သူနေအိမ် ထိခိုက်ပျက်စီးမှုတွေ ရှိနေပြီး အိမ်ခြေ ၁၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်တိုက်ပွဲမှာ ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေရဲ့ ပြောဆိုချက်အရ တိုက်ပွဲဖြစ်ပွားတဲ့ ဆိုင်းတောင်ကျေးရွာအတွင်း သွားလာတဲ့ အရပ်သားပြည်သူတွေ အကြောင်းမဲ့ ပစ်သတ်ခံရတာ တွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်တာတွေကြောင့် ရပ်ကွက် လမ်းပေါ်တွေမှာ ပုပ်ပွပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ၃၀ ဝန်းကျင်လောက် ရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။

စက်တင်ဘာ ၁၂ ရက်က ဆိုင်းတောင်ရဲစခန်း လက်လွှတ်လိုက်ရတဲ့နောက် စစ်ကောင်စီဟာ ဖားကန့်မြို့ ဗျူဟာကုန်းစခန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေပြီး လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် စက်တင်ဘာ ၁၆ ရက်ကလည်း ငှက်ပျောတောရပ်ကွက်မှာ အမျိုးသား ၂ ယောက် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“ဖားကန့်မြို့အနီးတဝိုက်အထိ တိုက်ပွဲဖြစ်နေတော့ ဖားကန့်ဘက်က ပြည်သူတွေလည်း အားလုံး စိုးရိမ်ထိတ်လန့်နေကြတယ်။ လောလောဆယ်က ဒီ ဖားကန့်မြို့မှာလည်း အခြေအနေ ရှုပ်ထွေးနေတယ်။ မရှီကထောင်၊ ငှက်ပျောတောတို့ဘက်က ဆိုင်တော်တော်များများ ပိတ်ထားကြတယ်။ တပ်မကုန်းက ပစ်တဲ့ ဒီလက်နက်ကြီးတွေကလည်း မြို့ထဲကျပြီးတော့ ပြည်သူတွေ ထိခိုက်သေတာတွေ ရှိတယ်။ ပြီးရင် တပ်မကုန်းက နေ့တိုင်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်နေတယ်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတော့ ပြည်သူတွေအားလုံးက စိုးရိမ်ထိတ်လန့်နေကြတာပေါ့။ ဘယ်အချိန်မှာ ဘာဖြစ်မလဲ မသိတော့။”

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က ဖားကန့် မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ တောမှော်နဲ့ လမောင်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ကုန်းလမ်း၊ ရေကြောင်းနဲ့ လေကြောင်းကပါ စစ်အင်အား ဖြည့်တင်းခဲ့တာပါ။

လက်ရှိ ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေထဲမှာ  ဖားကန့်ဗျူဟာကုန်း၊ ကံဆီးဗျူဟာကုန်း၊ ကန်းဂေါင်စစ်ကောင်စီစခန်း၊ မဇွပ်ယန်ထောင်၊ လုံးခင်းလယ်ပြင်ယမ်းချက် စခန်း၊ ဖားကန့်ရဲစခန်းနဲ့ လုံးခင်းမြောက်ကုန်းတို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဟန်န 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024