ကရင်နီ-ရှမ်းတောင်နယ်စပ်က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာတွေကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ တော်လှန်ရေးတပ်ပေါင်းစုံက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ၄ ရက်အတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၃ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ KNDF က ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲ ၄ ရက်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ကျော် သေဆုံး၊ ၃ ယောက်ကို အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ကြီး၊ ငယ်အစုံ ၂၄ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
စစ်ကောင်စီကတော့ လွိုင်လင်လေးမြို့အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်းက နေအိမ်တွေပေါ်ကို ဒရုန်းဗုံးကြဲခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက်သေဆုံး၊ ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မိုးအလွန်အကျွံရွာသွန်းပြီး ရေဘေးအန္တရာယ်တွေ ကြုံတွေ့နေရသလို လက်ရှိအချိန်ကာလထိ လွိုင်ကော်-လွိုင်လင်လေး-ဆီဆိုင် လမ်းမကြီးအနီးမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကြိုကြားထိတွေ့မှုတွေ ရှိနေတာကြောင့် ဒေသခံတွေနဲ့ အများပြည်သူတွေ သတိထား သွားလာကြဖို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။