Home
မြန်မာသတင်း
စစ်ကောင်စီက ဖိအားပေး ကန့်သတ်မှုများ ရှိသော်လည်း ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ် ထပ်တိုး
DVB
·
September 15, 2024

စစ်ကောင်စီက လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်လို့ ဖိအားပေး၊ ကန့်သတ်တာတွေ ရှိနေပေမဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်တွေ လတိုင်း တိုးလာနေတယ်လို့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

စက်တင်ဘာလ ပထမအပတ်အတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် နှစ်ခုကို အကျိုးဆောင်လိုင်စင် ချပေးခဲ့သလို သြဂုတ်လအတွင်းကလည်း အေဂျင်စီအသစ် ၇ ခုကို ဖွင့်လှစ်ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လက်ရှိအချိန်အထိ အကျိုး​ဆောင်လိုင်စင်ရယူထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၈၂ခု အထိ ရှိလာခဲ့ရာ အာဏာမသိမ်းခင်ကထက် နှစ်ဆနီးပါး တိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အသက် ၂၁ ကနေ ၃၂ နှစ်အထိ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်တားမြစ်ထားတာကြောင့် အေဂျင်စီတွေ အခက်ကြုံနေသလို နောက်ထပ် အေဂျင်စီတွေလည်း ထပ်ပြီး​တိုးလာနေတာလို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “တချို့က လုပ်ငန်းကောင်းမယ် ထင်ပြီး ဝင်လာကြတာ။ တကယ်က လုပ်လက်စ လူတွေတောင် စိတ်ပျက်ပြီး ရပ်ချင်နေပြီ။ မရှိမဲ့ရှိမဲ့ ဈေးကွက်ကို ဝိုင်းလု​နေရတာ။ ဒီကြားထဲ ဌာနက ဖိအားပေးလိုက်၊ ကြပ်လိုက်နဲ့ မလွယ်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို စေလွှတ်ထားတဲ့ အလုပ်သမားရဲ့ မိသားစုဆီ လွှဲပို့ငွေစာရင်း လစဥ်တောင်းနေတာကြောင့်လည်း အခက်တွေ့နေကြရတယ်လို့ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီဇင်ဘာအထိ စေလွှတ်ထားတဲ့ အလုပ်သမားရဲ့ မိသားစုဆီ ငွေလွှဲပို့မှု အခြေအနေ အချက်အလက်ကိုလည်း ပေးပို့နေကြရပြီး သတ်မှတ်ချက်အတိုင်း ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီတချို့ အရေးယူခံထားရပါတယ်။

အဲဒီဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၇၉ ခုမှာ ပြည်ပလုပ်သား စေလွှတ်ခွင့်နဲ့ အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့ခံထားရပြီး နောက်ထပ် အေဂျင်စီ ၆၇ ခုက သတ်မှတ်ထားတဲ့နှုန်း ပြည့်မီအောင် စာရင်းမပို့နိုင်လို့ ဆိုပြီး အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့ခံထားရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013