Home
မြန်မာသတင်း
ဖားကန့်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
September 16, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာထဲ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၆ ရက် ညကတည်းက Lucky Men ဟိုတယ်ထဲမှာ KIA၊ KPDF တွေ ရှိနေတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက ဆိုင်းတောင်ရွာထဲကို စစ်ကြောင်းထိုး  ဝင်ရောက်လာပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ၁၀ ရက်လောက်ရှိလာပြီ ဖြစ်ပါတယ်။

KIA၊ KPDF ပူးပေါင်းတပ်တွေက ဆိုင်းတောင်ရဲစခန်းကို စက်တင်ဘာ ၁၂ ရက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “ဆိုင်းတောင်ရဲစခန်းကုန်းကိုတော့ KIA၊ KPDF က သိမ်းလိုက်ပြီ။ ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက Lucky Men ဟိုတယ်မှာ လူဓားစာခံလုပ်ပြီး ပြန်နေနေတယ်။ ဟိုတယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA၊ KPDF တို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်။ ဖားကန့်တပ်မကုန်းကလည်း လက်နက်ကြီး နေ့တိုင်း ပစ်ကူနေတယ်။ လေကြောင်းတိုက်ခိုက် ပစ်ခတ်မှုတွေရှိတယ်” လို့ ပြောပါတယ်။

လက်ရှိကောက်ခံထားတဲ့ စာရင်းအရ တိုက်ပွဲဖြစ်ပွားတဲ့ ၁၀ ရက်တာအတွင်း အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးမှု အယောက် ၃၀ ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ ဗျူဟာကုန်းက လက်နက်ကြီးတွေ ပစ်ကူနေတာကြောင့် အရပ်သား ပြည်သူနေအိမ် ထိခိုက်သွားပြီး အိမ်ခြေ ၁၅၀ ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဆိုင်းတောင်တိုက်ပွဲ ၁၀ ရက်အတွင်းမှာ စစ်ကောင်စီတွေ ပစ်သတ်လိုက်တဲ့ ပြည်သူတွေ လောလောဆယ် စာရင်းရသလောက်ကတော့ အယောက် ၃၀ လောက် ရှိသွားပြီ။ ပြီးရင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်တာ ဖားကန့်ကုန်းက လက်နက်ကြီးတွေ ပစ်တာကြောင့် ပြည်သူတွေ ထိခိုက်တာတွေလည်း အများကြီးရှိတယ်။ နေအိမ်ထိခိုက် ပျက်စီးတာတွေလည်း အများကြီးရှိတယ်။ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဆိုင်းတောင် Luck Men ဟိုတယ်တဝိုက် ရပ်ကွက် ၄ ဘက်က ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တယ်။ အိမ်ခြေ ၁၅၀ မကတော့ဘူး။”

လတ်တလော ဆိုင်းတောင်ရွာ အဝင်အထွက်ကိုတော့ KIA နဲ့ KPDF တပ်တွေက ပိတ်ဆို့ထားပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီကျော်လောက်မှာ တကြိမ်၊ နေ့လယ် ၂ နာရီကျော်လောက်မှာ တကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်လာတာကြောင့် ဆိုင်းတောင်ရွာက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြပြီး အခက်အခဲတွေ ရှိနေကြတယ်လို့ ဒေသခံက ပြောပါတယ်။

“တိုက်ပွဲ နေ့တိုင်းပြင်းထန်နေတယ်။ ဆိုင်းတောင်က ပြည်သူတော်တော်များများကလည်း လူထောင်နဲ့ချီ စစ်ရှောင်နေရတယ်။ တချို့က မှော်ရှန်၊ ဆိုင်းအောင်၊ နမ့်မှော်၊ စဘော့၊ ကောင်ဆန် အဲ့ကနေ နေရာစုံ စစ်ရှောင်ကြတာ ပြည်သူထောင်ချီတယ်။ စစ်‌ရှောင်တာက ၁၀ ရက်လောက်ရှိလာတော့ အကုန်လုံး ဒုက္ခရောက်နေကြတယ်။”

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ တောမှော်နဲ့ လမောင်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ကုန်းလမ်း၊ ရေကြောင်းနဲ့ လေကြောင်းကပါ စစ်အင်အားဖြည့်တင်းခဲ့တာပါ။

လက်ရှိ ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲမှာ ဖားကန့်ဗျူဟာကုန်း၊ ကံဆီးဗျူဟာကုန်း၊ ကန်းဂေါင်စစ်ကောင်စီစခန်း၊ မဇွပ်ယန်ထောင်၊ လုံးခင်းလယ်ပြင် ယမ်းချက်စခန်း၊ ဖားကန့်ရဲစခန်းနဲ့ လုံးခင်းမြောက်ကုန်းတို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013