
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ရှုပ်ပုံရွာသား ၇ ယောက်ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှပ်ပုံရွာခံတယောက်က “ရှပ်ပုံရွာ၊ ဝါးတန်းရပ်ကွက်မှာ ပေါ်တာဆွဲသွားတာပါ။ အဲဒီရပ်ကွက်က စစ်မရှောင်ဘဲ ရေလုပ်သားတွေရှိတဲ့ နေရာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ဝါးတန်းဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အဆိုပါဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ ၂ နှစ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရှပ်ပုံရွာမှာ စစ်ကောင်စီဘက်က ရေကြောင်းနဲ့ အင်အား ၇၀ လောက် တိုးချဲ့ထားပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရှပ်ပုံကျေးရွာက ဒေသခံ ၁,၀၀၀ ကျော် နီးစပ်ရာကျေးရွာတွေမှာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။