Home
မြန်မာသတင်း
စစ်တွေမြို့ခံ အမျိုးသမီးနှင့်ကလေးများ အပါအဝင် အယောက် ၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
September 16, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက် ၃ ခုကို စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ဧည့်စာရင်း စစ်ကောင်စီတပ်က စစ်ဆေးပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် မြို့ခံ ၇၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်တွေမြို့ အိုးတန်းရပ်ကွက်၊ မိဇံရပ်ကွက်နဲ့ ရွှေပြားရပ်ကွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်အထိ ပြန်မလွှတ်ပေးဘူးလို့ စစ်တွေမြို့ခံ တယောက်က ပြောပါတယ်။

“နေ့ခင်းကြီးမှာ ဧည့်စာရင်းစစ်ဆေးမယ်ဆိုပြီး စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ရပ်ကွက် ၃ ခုကို ဝင်ဖမ်းတာ။ အမျိုးသမီးတွေရော့ နို့စို့ကလေးတွေရော အမျိုးသားတွေပါဆိုရင် ၇၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သိရတယ်။ ၁၅ ရက်နေ့အထိတော့ လွတ်လာကြတာမရှိသေးဘူး။”

စစ်ကောင်စီက ဧည့်စာရင်းကို အကြောင်းပြပေမဲ့ သူတို့ဖမ်းချင်တဲ့ သူတွေကို ဖမ်းဆီးပြီး ငွေညှစ်နေတာသာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အခု ဖမ်းဆီးခံရသူတွေဟာ စစ်တွေမြို့ခံ အစစ်တွေသာဖြစ်ကြပြီး ငွေညှစ်ဖို့အတွက် သီးသန့်ဖမ်းဆီးတာသာ ဖြစ်တယ်လို့ နောက်ထပ် မြို့ခံတယောက်က ပြောပါတယ်။

“လက်ရှိ စစ်တွေမြို့မှာ နေရတာက ငရဲလိုပါပဲ။ တရက်လည်း စိတ်ချမ်းသာသာနဲ့ နေရတာ မဟုတ်ဘူး။ ဘယ်နေ့ အဖမ်းခံရမလဲဆိုပြီး တွေးပူနေရတယ်။ ၁၃ ရက်နေ့က အဖမ်းခံရတဲ့ သူတွေဆိုရင် အကုန်လုံး စစ်တွေမြို့ခံတွေပဲ။ ဘာဧည့်စာရင်းမှလည်း စစ်စရာမလိုဘူး။ အခု စစ်ကောင်စီက မြို့ခံဖြစ်ဖြစ်၊ ဧည့်သည်ဖြစ်ဖြစ် သူတို့ဖမ်းချင်တဲ့ သူကို လိုက်ဖမ်းတာဖြစ်တယ်။ ပြီးတော့ ငွေညှစ်တာပေါ့ ဧည့်စာရင်းအမှုဆိုရင် ငွေဘယ်လောက်၊ နိုင်ငံရေးအမှု ဆိုရင် ငွေဘယ်လောက်ဆိုပြီး တောင်းနေကြတာ ဖြစ်တယ်။”

စစ်တွေမြို့နယ်မှာ ရခိုင်စစ်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့ အရပ်သား ၁၀၀၀ နီးပါးအထိ ရှိပြီး တရားစွဲဆိုခံထားရတဲ့ ၆၀၀ နီးပါးအထိ ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တွေမြို့မှာ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီက လူတယောက်ကို ကျပ်ငွေ ၁၀ သိန်းကနေ သိန်း ၅၀ အထိ တောင်းခံနေပြီး ငွေပေးနိုင်တဲ့သူကို ပြန်လွှတ်ပေးပြီး ငွေမပေးနိုင်တဲ့သူတွေကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ အပါဝင် ပုဒ်မအမျိုးမျိုး တပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း ဗျိုင်းဖြူကျေးရွာသား ၂၀၀ ကျော်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024