ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်ကနေ သီပေါ သွားတဲ့လမ်းကို ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီတပ်က လမ်းပိတ်ထားတာကြောင့် သွားလာရေး အခက်အခဲကြုံနေကြတယ်လို့ ယာဉ်မောင်းနဲ့ ဒေသခံတွေက ပြောပါတယ်။
“ကားလမ်းက ကိစ္စရှိလို့ ပိတ်တယ်လို့ ပြောတာပဲ။ နမ့်လန်ထဲတော့ စစ်မဖြစ်ဘူး၊ ပစ်ခတ်သံတော့ နေ့တိုင်း ကြားနေရတယ်။ လုံခြုံတာတော့ မလုံခြုံဘူး” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်က မြို့ထဲကနေ တားထားတယ်လို့ သူက ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “ပန်ကေတုတို့၊ မိုင်းခေးတို့ ကွင်းလမ်းကနေ သွားလို့ရတယ်။ ဒါပေမဲ့ ကျေးသီးကို ဖြတ်ရမှာ။ ကျေသီး တောင်-မြောက်၊ တောင်ပိုင်းမြေနဲ့ မြောက်ပိုင်း မြေခြားထားတဲ့ တံတားမှာကျတော့ ပိတ်ထားတယ် ကြားတယ်။ စက်တင်ဘာ ၉ ရက်ကနေ ပိတ်ထားတယ် ကြားတယ်၊ သွားတဲ့ကားတွေ ပြောတယ်။ ကျနော်တို့ကတော့ ပြန်လှည့်ဖို့ပဲရှိတာ။ လမ်းက ရွေးလို့ မရတော့ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကားအစီးရေ ရာချီ ပိတ်မိနေခဲ့ပြီး ပြန်လှည့်တဲ့ကားတွေက ပြန်လှည့်၊ တခြားလမ်းဘက်ကနေ သွားတဲ့သူက သွားကြကုန်ပြီး လက်ရှိမှာတော့ ပိတ်မိနေတဲ့ကား မရှိသလောက်တော့ ဖြစ်သွားပြီလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကို ခရီးသွားမယ့် ပြည်သူတွေအနေနဲ့ ဘယ်လမ်းမှ အခြေအနေ မကောင်းတာကြောင့် စိတ်ချရတဲ့ အခြေနေမရှိဘူးလို့ ခရီးသည်တင် ယာဉ်မောင်းတယောက်က ပြောပါတယ်။
“ခါတိုင်းရက်တွေက ကွေ့ပတ် ရှောင်ကွင်းပြီး နားစွင့်သွားလို့ရပေမဲ့ ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့က သိရတဲ့ အခြေအနေအရ မိုင်းရယ်-မိုင်းခေး-ဆောင်ကျဲ လမ်းလည်း အခြေအနေ သိပ်မကောင်းပဲ ကျောက်ဂူ-ပုံဝိုး လမ်းလည်းသွားလို့ မရ၊ နမ့်လန်လမ်းလည်း သွားလို့မရ၊ မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးကလည်း လုံခြုံရေး အခြေအနေ မသေချာဘူး။”
ဒါ့အပြင် ဒီကြားထဲ မိုးက အဆက်မပြတ်ရွာနေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကနေ မြောက်ပိုင်းကို သွားလို့ရတဲ့ လမ်းပိုင်းဖြစ်တဲ့ လွိုင်လင်နဲ့ မိုင်းပွန်ကြားမှာလည်း တောင်ကျရေကြီးလို့ လမ်းပြိုနေတယ်လို့ ဆိုပါတယ်။