မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ်မှာ စက်တင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၀င် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Myingyan Ranger အဖွဲ့ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်းမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO ရဲ့ တစိတ်တပိုင်းအနေနဲ့ နယ်မြေလုံခြုံရေးအတွက်စစ်ဆေးတဲ့အချိန် နှစ်ယောက်စီးလာတဲ့ဆိုင်ကယ် ၁ စီးကို မသင်္ကာလို့ စစ်ဆေးလိုက်တာမှာ ၂ ယောက်လုံး တပ်ကကောင်တွေဖြစ်လို့ ဖမ်းဆီးလိုက်တာပါ” လို့ DVB ကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်သား ၂ ယောက် ဆီကနေ ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးစစ်ဆေးဆောင်ရွက်မှုကို Myingyan Ranger၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ Freedom Fighter Guerrilla Force (FFGF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Myingyan Ranger အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ဖမ်းဆီးရမိတဲ့ အခြေအနေကို အထက်အဖွဲ့အစည်းတွေကို တင်ပြပြီး ဖမ်းဆီးမိတဲ့အချိန်ကနေအခုထိ သုံ့ပန်းဥပဒေနဲ့အညီပဲ ထားရှိပြီး စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ရဲ့ ရာထူး၊ အမည်နဲ့ သူတို့ တာဝန်ကျတဲ့ စစ်တပ်အမည်တွေကို DVB က မေးမြန်းရာမှာ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် မဖြေဆိုခဲ့ပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ နေ့ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ ‘မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)’ အဖြစ် ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။