Home
မြန်မာသတင်း
စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများအပါအဝင် ၅၀ ကျော် သေဆုံး
DVB
·
September 10, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို စက်တင်ဘာ ၉ ရက် ည ၉ နာရီမှာ  စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ‌တိုက်ခိုက်မှုကြောင့် မောင်တောမြို့ လေးမိုင် (နခခ-၂) စခန်းမှာ  ခေတ္တထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ အရပ်သား အကျဉ်းသား ၅၀ ကျော် သေဆုံးပြီး အများပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော် ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ အပါအဝင် တခြားသော အကျဉ်းသား အမြောက်အမြား သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ၊ ARSA ၊ RSO အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊  စစ်ကောင်စီသင်တန်းဆင်း မူဆလင် အကြမ်းဖက် လက်နက်ကိုင်တွေ၊ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေနဲ့ သတင်းပေးတွေ အပါအဝင် ULA/AA အဖွဲ့အစည်းနဲ့ ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ ကြိုးစားအားမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့သူတွေနဲ့ ALP နဲ့ ဆက်စပ်နေသူတွေ ပါဝင်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

စုစုပေါင်း အကျဉ်းသား ၅၀ ကျော်ဟာ အဆိုပါ အကျဉ်းစခန်းနေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သလို  ပြင်းထန်ဒဏ်ရာနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူ များစွာရှိတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။ 

မနေ့ ည ၈ မိနစ် ၂၀ ဝန်းကျင်မှာလည်း မောင်တောမြို့၊ ၃ မိုင်နဲ့ ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်လေယာဉ် ၁ စီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စခန်းဟာ သူတို့ရဲ့စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်က  ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ ၆ ရက်က အပြီးသတ်သိမ်းပိုက်ရရှိထားတဲ့ စခန်းတခု ဖြစ်ပါယ်။ 

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ခပ်စိပ်စိပ် လုပ်ဆောင်နေပြီး လူနေထူထပ်တဲ့ နေရာတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဈေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦ၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့တဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေ အပါအဝင် ၎င်းတို စွန့်လွှတ်ခဲ့ရတဲ့ စခန်းတွေပါမကျန် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် သတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာ ၉ ရက်မှာ  ရှမ်းပြည်မြောက်ပိုင်း ကရင်၊ ကရင်နီနဲ့ ကရင်ပြည်နယ်ရှိ နေရာတော်တော်များများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တောင်ကြီးမြို့တော်ခန်းမမှာ စက်တင်ဘာ ၃ ရက်က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံစဥ် ရန်နိုင်မင်းစစ်ဆင်ရေး ဖွဲ့စည်းကာ လေကြောင်းကနေ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က လက်လွှတ်လိုက်ရတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ သတိရှိကြဖို့ စက်တင်ဘာ ၇ ရက်ထုတ် စစ်ကောင်စီပိုင် ဝါဒဖြန့်သတင်းစာမှာ စတင်ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013