Home
မြန်မာသတင်း
လက်လွှတ်ထားရသည့် မြို့ရွာများကို ဗုံးကြဲမည်ဟု စစ်ခေါင်းဆောင် ခြိမ်းခြောက်
DVB
·
September 10, 2024

စစ်ခေါင်းဆောင်က လက်လွှတ်လိုက်ရတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ သတိရှိကြဖို့ စက်တင်ဘာ ၇ ရက်ထုတ် စစ်ကောင်စီပိုင် ဝါဒဖြန့်သတင်းစာမှာ စတင်ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်ကြီးမြို့တော်ခန်းမမှာ စက်တင်ဘာ ၃ ရက်က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံစဥ် ပြောဆိုခဲ့ပြီး စက်တင်ဘာ ၄ ရက်မှာ ရန်နိုင်မင်းစစ်ဆင်ရေး ဖွဲ့စည်းကာ လေကြောင်းကနေ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ စက်တင်ဘာ ၄ ရက်မှာ ကရင်နီပြည်နယ် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (လွိုင်ကော်) မှာ ရန်နိုင်မင်းစစ်ဆင်ရေးကို ဖွဲ့စည်းခဲ့တယ်လို့ ရပခနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ရန်နိုင်မင်းစစ်ဆင်ရေးက တပ်ချုပ် လွိုင်ကော် (ဒကစ) မှာ နယ်မြေစစ်ဆေးရေးလာတုန်း ဖွဲ့စည်းသွားတာ၊ ရေချုပ်နဲ့ လေချုပ်လည်း ပါတယ်။ ဒကစမှူး ဗိုလ်မှူးကြီးအောင်ကျော်ခိုင်ကို လွိုင်ကော်ပြန်လည်ထူထောင်ရေးအတွက် တာဝန်ပေးသွားတယ်။ အဲ့စစ်ဆင်ရေးက ရှမ်းတောင်နဲ့ ကယားအတွက် ဖွဲ့တာ။”

စစ်ကောင်စီက စက်တင်ဘာ ၃ ရက်ကနေ ၉ ရက်အတွင်း မန်တုံ၊ ဖယ်ခုံ၊ နမ့်ခမ်း၊ နွားထိုးကြီး၊ လားရှိုးမြို့နယ်က လူနေအိမ်၊ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူ ၄၀ ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သြဂုတ် ၂၃ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ သွားခဲ့တဲ့ ၁၄ ရက်တာ ခရီးစဥ်မှာ တပခ၊ လပခ၊ ရပခ စတဲ့ တိုင်းစစ်ဌာနချုပ်က တိုင်းမှူးတွေ၊ လေတပ်စခန်းမှူး၊ ဌာနချုပ်မှူးတွေနဲ့ တွေ့ဆုံပြီး စစ်ရေးကိစ္စတွေ ညွှန်ကြားခဲ့ပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ ၁၄ ရက်တာခရီးစဥ်မှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင် (လေ)၊ ဒုဗိုလ်ချုပ်ကြီးထိန်ဝင်း (ရေ)၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ လိုက်ပါခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013