မြန်မာစကားမှာ သွေးရူးသွေးတန်းလို့ဆိုတဲ့ စကားအသုံးအနှုန်းတရပ် ရှိပါတယ်။ အသက်ထွက်ခါနီး နောက်ဆုံးအချိန်မှာ လူ၊ သတ္တဝါ တိရစ္ဆာန်တွေရဲ့ အထိတ်တလန့် ကယောင်ချောက်ချား ရုန်းကန်ပြုမူဟန်ကို ဖော်ကျူးလိုတဲ့အခါမှာ သုံးစွဲလေ့ရှိပါတယ်။ အခုလည်း ပြည်သူ့အာဏာကို လုယူခဲ့တဲ့ စစ်မကောင်းဆိုးဝါး ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကယောင်ချောက်ချား ရုန်းကန်ပြုမူလာနေတာကို အားလုံးမြင်တွေ့လာကြရပြီ ဖြစ်ပါတယ်။
နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တွေထံက ပေါက်ကြားလာတဲ့သတင်းတွေအရ စစ်ဘက်နဲ့ အရပ်ဘက်အစည်းအဝေးတွေမှာ စိတ်ဝေဒနာသည်လို ဖြစ်လာတဲ့ မင်းအောင်လှိုင်ဟာ သူတဦးတည်းကပဲ တောက်လျှောက် ကရားရေလွှတ် တတွတ်တွတ် ပြောဆိုမှုတွေရှိလာကြောင်း၊ ပြောထားပြီးသားတွေကိုလည်း မကြာခဏ ထပ်တလဲလဲ ပြောဆိုလာကြောင်း၊ ၂ နာရီထိသာ ကြာမြင့်ဖို့ သတ်မှတ်ထားတဲ့ အစည်းအဝေးတွေမှာ ၄ နာရီအထိ ကြာမြင့်သွားရလေ့ရှိပါသတဲ့။
အာဏာလုယက်မှု မအောင်မြင်တဲ့အပြင် ကဏ္ဍအသီးမှာ ရှုံးနိမ့်လာရင်း ကြာလာလေ နေမြင့်လေ အရူးရင့်လေ ဖြစ်လာပုံရတဲ့ မကောင်းဆိုးဝါးစစ်ခေါင်းဆောင်ရဲ့ အလုပ်အကိုင်၊ အမူအရာ၊ အပြောအဆိုတွေ မျက်နှာဟန်ပန် အသွင်ပြင်တွေကို လေ့လာကြည့်လိုက်ရင် စိတ္တဇလူသတ်သမား Fragile Narcissistic နာဆစ်စစ် စွဲကပ်နေသူ (သို့) Narcissistic Personality Disorder (NPD) စိတ်ဝေဒနာလက္ခဏာတွေ ရှိနေတာ တနေ့တခြားထင်ရှားလာပါတယ်။ သူ့ကိုယ်ကိုသူနဲ့ သူ့မိန်းမဂိုဏ်းကို ထပ်တလဲလဲ ကိုယ်ရည်သွေးတာ၊ သူအာဏာသိမ်းခဲ့တာ မှန်တယ်ဆိုတာ ခဏခဏထုတ်ဖော်ပြောဆိုလာတာ၊ သူကသာ ကယ်တယ်ရှင်အဖြစ် သူ့ကိုယ်သူထင်မှတ်နေတာ၊ စစ်ပွဲတွေရှုံး မြို့ပေါင်း ၈၀ နီးပါး လက်လွှတ်ဆုံးရှုံးနေရပေမဲ့ သူကသာ ပိုစွမ်းဆောင်နိုင်သူအဖြစ် ထင်မှတ်မှားလာတာတွေဟာ စိတ်ပုံမှန်မဟုတ်တော့ဘဲ Narcissists နာဆစ်စစ် စွဲကပ်နေသူ ဖြစ်လာတာကို အပြုအမူတွေက သက်သေခံနေပါတယ်။
NLD ပြည်သူ့အစိုးရအုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ သူတို့နဲ့တန်းချင်းမတူတာကို မသိနိုင်ဘဲ လင်ရော မယားရောက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်တုဂုဏ်ပြိုင်လုပ်လာခဲ့ကြရင်း ပြည်သူလူထုရဲ့ ကြည်ညိုလေးစားမှုမရတဲ့အပြင် အထင်သေးလှောင်ပြောင်မှုတွေသာခံခဲ့ရတာမို့ မနာလိုဝန်တိုမှုတွေ ပိုလို့ကြီးမားလာခဲ့ပြီး ရန်ငြိုးအာဃာတတွေ ထားလာတာကို သူတို့ရဲ့အပြုအမူတွေက သက်သေခံခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလုပ်ကိုင် ဝတ်ဆင်တာတွေကို သူနဲ့သူ့မိန်းမက လိုက်တုပပြီး ပြောဆိုလုပ်ကိုင်ပေမဲ့ နှလုံးသားနဲ့ နားလည်လိုက်နာမှုမရှိတော့ အရှက်တကွဲ အကျိုးနည်းတာသာ အဖတ်တင်ခဲ့တာမဟုတ်လား။ ဒါဟာ မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်တဲ့ သာဌေယျနဲ့ မနာလိုဝန်တိုမှုဆိုတဲ့ မစ္ဆရိယစိတ်ကြောင့်ဖြစ်လာရတဲ့ အကျိုးဆက်တွေပါပဲ။
စိတ်ကြီးဝင်ရောဂါသည် သမ္မတရူးမင်းအောင်လှိုင်နဲ့ လက်ပါးစေစစ်အုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့ကို PDF တွေ လာမတိုက်အောင်ဆိုပြီး မန္တလေးမြို့ကြီးမပျက်စီးဖို့၊ မန်းပြည်သူတွေ စည်းလုံးစို့ ဆိုတဲ့ ဗီနိုင်းတွေကိုင်ပြီး ငဖယ်ကပြောင်းပြန် ရူးကြောင်ကြောင်ဆန္ဒပြခဲ့ကြပါသေးတယ်။ တကယ်တော့ သမိုင်းအမွေအနှစ် အဆောက်အဦတွေကို ဖျက်ဆီးခဲ့ကြတာ စစ်အာဏာရှင် မကောင်းဆိုးဝါးတသိုက်ပါပဲ။
အင်းဝမြို့က မယ်နုအုတ်ကျောင်းကို ရှေးဟောင်းအဆောက်အဦ ထိန်းသိမ်းရာမှာ လိုက်နာရမဲ့ စည်းစနစ်တွေ မလိုက်နာဘဲ တူတယ်ထင်ရာ မြေဝါတွေ သုတ်လိမ်းခဲ့ကြတာ အသိဉာဏ်ထုံထိုင်းကြတဲ့ စစ်အုပ်စုပါပဲ။ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတန်ဖိုးလည်းနားမလည်၊ ပညာရှင်အစစ်တွေရဲ့ အကြံပြုချက်လည်းမယူဘဲ သူတို့စိတ်ဖြေအားထားရာ ယတြာချေတဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့ကြတဲ့ တိုင်းဖျက်ပြည်ဖျက် စစ်မကောင်းဆိုးဝါးတွေပါပဲ။
အခုနောက်ဆုံးသတင်းတွေထဲမှာ နာဆစ်စစ် မအလကတော့ သူ့ရဲ့ဆရာ ဘုရင်ရူးသန်းရွှေ တူးထုတ် အစဖျောက် ယတြာချေခဲ့တဲ့ မန္တလေးနန်းမြို့ထဲ အနောက်ပြင်ကနေ ဝင်တဲ့တံတား (စည်ရှည်တံတား) ကို အရင်အတိုင်း ပြန်ကောင်းအောင်မျှော်လင့်ချက်နဲ့ ပြန်ဆောက်ယတြာချေဖို့ ပြင်နေပြန်တယ်။ ဒီတံတားကြီးဟာ ကမ္ဘာစစ်ကြီးကြောင့် မီးလောင်ကျိုးပျက်တဲ့ ပုံစံအတိုင်း မူလအချိုး၊ မူလအင်္ဂတေ၊ မူလအုတ်ရိုးများအတိုင်း သမိုင်းတန်ဖိုးအပြည့်နဲ့တည်ရှိနေခဲ့တာကို စစ်အာဏာရှင်ဘုရင်ရူး သန်းရွှေက ဆင်ခြင်တုံတရားမဲ့စွာ ထိုးကော်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
သူတို့အာဏာတည်မြဲဖို့ ဘာတွေပျက်စီးပျက်စီး၊ ဘာတွေဆုံးရှုံးဆုံးရှုံး၊ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်ရောက်၊ မလိုအပ်ဘဲ တိုင်းပြည်ဘဏ္ဍာငွေကြေးတွေကုန်အောင် အခုလည်း အရည်အချင်းညံ့ဖျင်းတဲ့ မင်းအောင်လှိုင်ဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းမှာ ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေ ပြန်သိမ်းဖို့ ကြွေးကြော်ပြီး ဘုရင့်နောင်စစ်ဆင်ရေးအတွက် ယတြာချေတဲ့သဘော ဘုရင့်နောင်နန်းစိုက်ခဲ့ရာ ကေတုမတီနန်းတော်ရာနဲ့ တောင်ငူမြို့ရိုးနေရာတွေကို ပြန်လည်ဖော်ထုတ်ဖို့ မိုက်မဲစွာ တိုင်းပြည်ဘဏ္ဍာငွေကြေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ပြည်တွင်းစစ် အရှိန်အမြင့်ဆုံးဖြစ်နေတဲ့အချိန်မှာ အကျိုးမဲ့ အလဟဿ ကုန်ဆုံးအောင် ရူးသွပ်နေဆဲဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်းရဲဒုက္ခအကြီးဆုံး၊ အဖိုးတန်တဲ့ လူ့အသက်တွေ အသေအပျောက်အများဆုံး၊ တိုင်းပြည်ရဲ့ ဓနဥစ္စာအိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးရမှုအကြီးဆုံး၊ မြန်မာ့သမိုင်းမှာ မကြုံဖူးအောင် ရက်စက်အကြမ်းကြုတ်ဆုံး၊ ကိုယ်ကျင့်တရားနဲ့ အသိဉာဏ်အနိမ့်ကျဆုံး အမှောင်ခေတ်ကြီးထဲဆွဲချခဲ့ကြတာဟာ သူတို့နဲ့မထိုက်တန်၊ မအပ်စပ်တဲ့ရာထူးနေရာနဲ့ လုပ်ပိုင်ခွင့်အာဏာကို လက်နက်အားကိုးပြီး လုယက်ခဲ့ကြတဲ့ စစ်မိစ္ဆာရူးမင်းအောင်လှိုင်နဲ့ အခွင့်ထူးခံကျွန်ရူးတသိုက်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ကိုယ်ရည်ကိုယ်သွေးအလွန်အမင်းနိမ့်ကျပေမဲ့ စိတ်ကြီးဝင် ရောဂါရနေတဲ့ Narcissist နာဆစ်စစ်စိတ္တဇကောင် မင်းအောင်လှိုင်ဟာ အာဏာရှင်သစ္စာခံ စစ်ဘောက်တပ်ကို မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မကြုံဖူးခဲ့ရတဲ့ စစ်ရှုံးမှုတွေရစေအောင် ဆိုးရွားစွာ ဦးဆောင်ခဲ့တာမို့ သူနဲ့စစ်အာဏာရှင်စနစ်ဟာ ဇာတ်သိမ်းလုနီးသထက် နီးလာခဲ့ပါပြီ။
အသက်ထွက်ခါနီး မကောင်းဆိုးဝါးတကောင်ရဲ့ နောက်ဆုံးအချိန်မှာ သွေးရူးသွေးတန်း ကယောင်ချောက်ချား ရုန်းကန်ပြုမူသလို အကျိုးမရှိ၊ မထိရောက်တဲ့ တန်ဖိုးနိမ့်အလုပ်တွေ၊ ယတြာချေတဲ့ အလုပ်တွေသာ လုပ်ကိုင်ရင်း နိုင်ငံနဲ့ပြည်သူလူထုကို သူနဲ့အတူ အကြွင်းမဲ့ပျက်သုဉ်းရေး အမှောင်တိုက်ထဲ ဆွဲချခေါ်ယူဖို့ ကြိုးစားလာတာမို့ အမင်္ဂလာသတ္တဝါ စစ်မကောင်းဆိုးဝါးနဲ့ လက်ပါးစေမိစ္ဆာယုတ်တသိုက်ကို မိမိတို့အခြေအနေပေးရာ နည်းလမ်းပေါင်းစုံ နဲ့ ဆန့်ကျင်ဖယ်ရှားရှင်းလင်းပစ်ရမှာ မြန်မာနိုင်ငံသားတိုင်း ပြည်သူတိုင်းရဲ့ ရှင်သန်ရေးဆိုင်ရာ အရေးအကြီးဆုံး သမိုင်းပေးတာဝန်ကြီး ဖြစ်ပါကြောင်း။