နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ပြည်သူတွေအနေနဲ့ ရပ်ကွက်၊ ကျေးရွာ လမ်းအလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့ပြီး အပြန်အလှန်စစ်ဆေးနေမှသာ လုံခြုံအေးချမ်းလာမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မန္တလေး၊ မြို့တော်ခန်းမမှာ သြဂုတ် ၂၅ ရက် နေ့လယ်က တိုင်း၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံစဥ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
“ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်၊ လမ်းအလိုက် လုံခြုံရေးကင်းတွေထားပြီး လုံခြုံရေးစနစ်ကို တည်ဆောက်မယ်။ အပြန်အလှန် စစ်ဆေးမှုတွေ လုပ်နေမယ်ဆိုရင် နယ်မြေ ပိုပြီးလုံခြုံလာမယ် ပိုပြီးအေးချမ်းလာမယ်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံအတွင်း စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်အပြင် ရပ်ကွက်လုံခြုံရေးအဖွဲ့ကို ထပ်ဖွဲ့စည်းတာဟာ ပြည်သူတွေကို သေတွင်းထဲ တွန်းပို့နေတာဖြစ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက DVB ကို ပြောပါတယ်။
“ပြည်တွင်းမှာ ဖြစ်နေတာကအသက် ၁၈ နှစ်ပြည့်ရင် စစ်မှုထမ်းရမယ်။ အသက် ၃၅ ၊ ၄၀ ဆိုရင် ပြည်သူ့စစ်ထဲ ရောက်မယ်။ အခုအသက် ၃၅ ကနေ ၆၅ နှစ်အထိ ရပ်ကွက်လုံခြုံရေးမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတော့ အလကားနေပြည်သူတွေ သေတွင်းထဲ တွန်းပို့နေသလို ဖြစ်နေတယ်။”
စစ်ခေါင်းဆောင်ကိုယ်တိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သွားရောက်ရတာဟာ အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြားရှိ အမျိုးသားတွေကို ရပ်ကွက်လုံခြုံရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းနိုင်ဖို့ တိုင်းမှူးတွေကို ဖိအားလာပေးတာလို့ လပခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ပဲခူးနဲ့ မန္တလေးကို လာတယ်ဆိုတာ လုံခြုံရေးအဖွဲ့တွေဖွဲ့ဖို့ PDF နဲ့ ကွင်းဆက်တွေဖော်ထုတ်ဖို့ နယ်မြေရှင်းလင်းရေးကိစ္စတွေအတွက် တိုင်းမှူးတွေ ဖိအားလာပေးတာ။”
နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို သြဂုတ် ၁၆ ရက်မှာ စစ်ကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။