တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခရိုင်၊မြို့နယ်နဲ့ ကျေးရွာတွေမှာ ပြည်သူ့စစ်တွေဖွဲ့စည်းရန် ကက (ပြည်)မှ ဗိုလ်ချုပ်မင်းမင်းစိုးကို သြဂုတ် ၂၂ ရက်မှာ စစ်ခေါင်းဆောင်က တာဝန်ပေးခဲ့ပါတယ်။
ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာနေထိုင်တဲ့ အသက် ၃၅ နှစ်မှ အသက် ၆၅ ကြားရှိအမျိုးသားတွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ ဦးဆောင်ရာမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မင်းမင်းစိုးကို တာဝန်ပေးခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
"ကက(ပြည်)ညွှန်မှူးက အရင်က မှော်ဘီဗိုလ်သင်တန်းက ကျောင်းအုပ်ကြီး ဒီနှစ်ထဲမှာပဲရာထူး တိုးသွားတာ။ အကြမ်းဖက်နှိမ်းနင်းရေးအဖွဲ့မှာ ဒုညွှန်မှူးကအဖွဲ့ဝင်၊ ပြည်သူ့စစ်တွေကို သင်တန်းပေးဖို့ သူကဦးဆောင်မှာ။"
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်အခြေစိုက်စခန်းတွေဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီဟာ စစ်အင်အားကို အလွန်အကျွံစုဆောင်းလာတာလို့ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။
"ပြည်တွင်းမှာ စစ်တပ်က အင်အားမရှိတော့ စစ်မှုထမ်းခေါ်တာတာမျိုး၊ ပြည်သူ့စစ်ဖွဲ့တာမျိုးနဲ့ နောက်ဆုံးရပ်ကွက်မှာ ကျန်ခဲ့တဲ့ အသက်ကြီးတဲ့သူတောင်မထားဘူး။ စစ်တပ်က ရက်တိုသင်တန်းတွေပေးပြီး ရပ်ကွက်လုံခြုံရေးကင်းစောင့်ဖို့နဲ့ သတင်းပေးလုပ်ခိုင်းဖို့ စီစဥ်နေတာ။”
စစ်ခေါင်းဆောင်က သြဂုတ် ၁၆ ရက်က နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို ဥက္ကဋ္ဌနေရာပေးပြီး အဖွဲ့ဝင် ၁၃ ဦးပါတဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ ပါတယ်။
ဒီအဖွဲ့မှာ ဒုတိုင်းမှူး၊ နယ်လုံဝန်ကြီး၊ ရဲချုပ်၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်ဦးစီးမှူး၊ ထွေအုပ်၊ မီးသတ်၊ ပြည်သူ့စစ်အဖွဲ့ရပ်ကျေးအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။
လတ်တလောမှာ စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ပြည်သူ့စစ်သင်တန်းတွေအများအပြားဖွင့်လှစ်နေပြီး ယုံကြည်စိတ်ချတဲ့ပြည်သူ့စစ်အဖွဲ့တွေကို လက်နက်တွေတပ်ဆင်ပေးတာလည်းရှိပါတယ်။