အမေရိကန်တဒေါ်လာကို ကျပ် ၇၀၀၀ အထိ ခုန်တက်ပြီးတဲ့နောက်မှာ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ဟာ ဩဂုတ် ၁၉ ရက်နေ့မှာ ဒေါ်လာ ၈၉ သန်းကျော် ထုတ်ရောင်းခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်မှာလည်း ဒေါ်လာ ၃၁ သန်း ထပ်မံရောင်းချခဲ့ပါတယ်။
ဒါကြောင့် ၃ ရက်အတွင်း ဒေါ်လာ သန်း ၁၂၀ ကျော် ထုတ်ရောင်းလိုက်တာလည်း ဖြစ်ပြီး ဩဂုတ် ၁၅ ရက်နေ့မှာလည်း ဒေါ်လာ ၉ သန်းကျော် ရောင်းချခဲ့ပါသေးတယ်။
ဗဟိုဘဏ်က ရောင်းချခဲ့တဲ့ ဒေါ်လာဈေးတွေကတော့ ဩဂုတ် ၁၅ ရက်က ရောင်းတဲ့ ဒေါ်လာ ၉ သန်းကျော်ကို တဒေါ်လာ ၃,၄၀၀ ကျပ်၊ ဩဂုတ် ၁၉ က ရောင်းတဲ့ ဒေါ်လာ သန်း ၉၀ နီးပါးကို တဒေါ်လာ ၃,၄၁၀ ကျပ်၊ ဩဂုတ် ၂၂ ရက်မှာ ရောင်းတဲ့ ဒေါ်လာ ၃၁ သန်းကို တဒေါ်လာ ၃,၄၄၀ ကျပ်နဲ့ ရောင်းချခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးစျေးကွက်ထဲကို စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးမယ်လို့ သြဂုတ် ၁၄ ရက်က ထုတ်ပြန်အပြီး သီတင်းပတ် တပတ်ကျော်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ အထိ ထုတ်ရောင်းခဲ့တာပါ။
အခုလို စစ်ကောင်စီက နိုင်ငံခြားငွေဈေးကွက်ထဲကို ဒေါ်လာ သန်းရာချီ ထုတ်ရောင်းချပေးခဲ့ပေမဲ့ ဗဟိုဘဏ်ပြင်ပ ဈေးကွက်မှာ ဒေါ်လာဈေး အနည်းငယ်သာ ပြန်ကျဆင်းခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “ဗဟိုဘဏ် ဒေါ်လာထုတ်ရောင်းတာက နည်းနည်းတော့ သက်ရောက်မူရှိတယ် ပြောရမယ်။ ဒေါ်လာဈေး နည်းနည်းပြန်ကျတယ်။ ရွှေဈေး နည်းနည်း ပြန်ကျတယ်။ အများကြီးတော့ ဈေးကွက်အပေါ် သက်ရောက်မှု မရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ဒေါ်လာဈေးကို ထိန်းချုပ်တဲ့အနေနဲ့ ဈေးကွက်ထဲကို နိုင်ငံခြားငွေတွေ မကြာခဏ ထုတ်ရောင်းချပေးနေတာက ရေတိုအတွက်ပဲ သက်ရောက်မှုရှိပြီး ရေရှည်မှာတော့ ဒေါ်လာဈေးက တရိပ်ရိပ် ပြန်တက်လာခဲ့တာပါ။
ဒီကနေ့ ပြင်ပနိုင်ငံခြားငွေဈေးကွက်ထဲမှာ အမေရိကန် တဒေါ်လာကို ကျပ် ၆,၁၀၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပြီး ဗဟိုဘဏ် ကြေညာချက်မထွက်ခင် ဩဂုတ် ၁၄ ရက် မနက်က တဒေါ်လာကို ကျပ် ၇,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ပါတယ်။