Home
မြန်မာသတင်း
ဂွမြို့နယ်မှ ဝန်ထမ်းများ ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ယန္တရားတခုလုံး ပြိုလဲ
DVB
·
August 22, 2024

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ဂွမြို့နယ်အတွင်းက စစ်ကောင်စီ ဝန်ထမ်းတွေ အားလုံးဟာ ပြည်မဖက်ကို ထွက်ပြေးသွားကြတာကြောင့် ဂွမြို့နယ်မှာ စစ်ကောင်စီ ယန္တရားတခုလုံး ပြိုလဲသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်က ကျိန္တလီမြို့ကို စတင်တိုက်ခိုက်တဲ့ သြဂုတ် ၁၁ ရက်နေ့ကတည်းက ဂွမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါဝင် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးဟာ ပြည်မဘက်ကို ထွက်ပြေးကြတာလို့ ဂွမြို့ခံတဦးက ပြောပါတယ်။

“ကျိန္တလီမှာ တိုက်ပွဲစဖြစ်တာနဲ့ စစ်ကောင်စီဝန်ထမ်းတွေ အကုန်လုံးပြည်မထွက်ပြေးကြတာပဲ။ သူတို့စိတ်ထဲမှာ စစ်ကောင်စီဟာ AA ကို နိုင်မှာ မဟုတ်ဘူးဆိုတာ သိကြသလို စစ်ကောင်စီက သူတို့ကိုလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း သိကြတယ်။ အဲဒါကြောင့် AA ရဲ့ ထိုးစစ်တွေ မြို့ပေါ်ကို မရောက်ခင်မှာ ကြိုပြေးကြတာ” လို့ ပြောပါတယ်။

လက်ရှိ ဂွမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလောက်သာ ရှိတော့ပြီး ခမရ ၅၆၂ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ လှစ်ပစ်နေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဂွမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက ဧရာဝတီဘက်က တင်သွင်းနေတဲ့ ကုန်စည်းစီးဆင်းမှုအားလုံးကိုလည်း ဖြတ်တောက်လိုက်တာကြောင့် ဂွမြို့တွင်း စားသောက်ကုန်စည်နဲ့ ဆေးဝါးတွေ ပြတ်တောက်လာနေတယ်လို့ ဂွဒေသခံ နောက်တဦးက ပြောပါတယ်။

“အရင်ကဆိုရင် ဧရာဝတီဘက်က ကုန်စည်တွေကို တင်သွင်းလို့ရတယ်။ ကျီန္တလီ တိုက်ပွဲစဖြစ်ကတည်း ကုန်စည်းတင်သွင်းခွင့် လုံးဝကို ပိတ်ပလိုက်တာ။ အခု ဂွဘက်မှာ ဆေးဝါးတွေက လုံးဝကို ရှာမရတော့တဲ့ အခြေအနေတွေဖြစ်လာတယ်။ စားသောက်ကုန်တွေဆိုရင်လည်း စျေးက ၂ ဆလောက်တက်သွားတယ်” လို့ ပြောပါတယ်။

ဂွမြို့နယ်ထဲက ကျိန္တလီမြို့ကို အာရက္ခတပ်တော် (AA) က သြဂုတ် ၁၁ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၂ ရက်အကြာ သြဂုတ် ၁၃ ရက်မှာ အပြီးအတိုင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကျိန္တလီမြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါဝင် အရပ်သား ၁၁ ဦးသေဆုံးပြီး နောက်ထပ် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024