၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလဖြစ်တဲ့ ဧပြီလကနေ ဇူလိုင်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁၅၄ သန်းကျော်သာ ရှိနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေ အရသိရပါတယ်။
စိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သုညဒသမ ၁၂၅ သန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍမှာ ၁ ဒသမ ၀၈ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၆၇ ဒသမ ၂၆၃ သန်း၊ စွမ်းအင်ကဏ္ဍမှာ ၃ ဒသမ ၇၂၃ သန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ၈၂ ဒoသမ ၆ သန်း ဝင်ရောက်ခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုကဏ္ဍပေါင်း ၁၂ ခုရှိတဲ့အထဲက ကဏ္ဍ ၅ ခုမှာသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ စုစုပေါင်းရဲ့ ထက်ဝက်ကျော်မှာ ရင်းနှီးမြှုပ်နှံမှု မဝင်ခဲ့သလို သတ္တုတူးဖော်ရေးကဏ္ဍ၊ ရေနံနဲ့ဓာတ်ငွေ့ကဏ္ဍတို့ဆိုရင် အာဏာသိမ်းပြီးကတည်းက ရင်းနှီးမြှုပ်နှံမှု လုံးဝ မဝင်တော့တာပါ။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံထိ ဝင်ရောက်ခဲ့ပေမဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလမှာတော့ ထက်ဝက်မက လျော့ကျသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၆၇ ဒသမ ၇ သန်းသာ ဝင်ရောက်တော့ပါတယ်။ ဒါကြောင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ္ဍာနှစ်တွေထဲမှာ အနည်းဆုံးပမာဏလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ NLD အစိုးရ တာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော် ၀င်ရောက်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ လျော့ကျသွားရုံမက ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေထဲကနေ အထင်ကရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေလည်း နိုင်ငံထဲက ထွက်သွားခဲ့ကြတာကြောင့် အလုပ်အကိုင်ရှားပါးမှုလည်း မြင့်နေပါတယ်။
မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတဦးက “ဒီနိုင်ငံ လက်ရှိအခြေအနေအရ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကတော့ ဆက်သွားဖို့ခက်ပါတယ်။ နိုင်ငံရေးက မတည်ငြိမ်တော့ လမ်းပန်းဆက်သွယ်ရေးခက်၊ ကုန်ကြမ်းရဖို့ခက် လျှပ်စစ်မီးကလည်းမရ ဆိုတော့ ပုံမှန် လည်ပတ်ဖို့ မလွယ်ပါဘူး” လို့ ပြောပါတယ်။
တဖက်မှာလည်း နယ်စပ်ဒေသတွေကို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တွေထံ ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ နယ်စပ်ကုန်သွယ်မှုတွေ သိသိသာသာ ကျဆင်းကာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ရပေါက်ရလမ်းဖြစ်တဲ့ ကုန်သွယ်မှုအပေါ် အခွန်ငွေတွေလည်း ကျဆင်းသွားခဲ့ပါတယ်။
နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမရှိတာ၊ လျှပ်စစ်မီး ပုံမှန်မရတာတွေကြောင့် ပြည်ပ ရင်းနှီးမြှပ်နှံမှု လျော့ကျတာအပြင် ကုန်ထုတ်လုပ်မှုတွေ ထိခိုက်ပြီး ပို့ကုန်ရငွေတွေလည်း လျော့ကျသွားခဲ့ပါတယ်။
အရေးယူပိတ်ဆို့မှုတွေကြား နိုင်ငံခြားငွေရရှိမှု နည်းလာပြီး ငွေစက္ကူတွေ ရိုက်ထုတ်ရတာတွေကြောင့် ကျပ်ငွေဈေး ထိုးကျပြီး ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့ပါတယ်။