Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းမလိုက်သည့်အိမ်ထောင်စုများထံမှ ပိုက်ဆံကောက်နေ
DVB
·
August 19, 2024

ရန်ကုန်တိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ လိုက်လံခေါ်ဆောင်ရာမှာ မလိုက်ချင်တဲ့ အိမ်ထောင်စုတွေဆီကနေ ပိုက်ဆံကောက်ပြီး စစ်မှုထမ်းချင်တဲ့သူကို ငွေကျပ် သိန်းဆယ်ချီပေးပြီး ခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရန်ကုန်မှာ ရပ်ကွက်တခုကို လူ ၂ ယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ အတင်းအကျပ်ခေါ် ဆောင်နေတာမှာ မလိုက်ချင်တဲ့ အိမ်ထောင်စုတွေဆီက ပိုက်ဆံကောက်ခံနေပြီး  စစ်မှုထမ်းချင်တဲ့သူကို ပိုက်ဆံ ကျပ် သိန်းဆယ်ဂဏန်းထိပေးမယ်လို့ ပြောဆိုပြီး စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း ခရမ်းမြို့နယ်ထဲက ကျေးရွာရပ်ကွက်ထဲမှာ အိမ်ထောင်စုတွေဆီကအနည်းဆုံး ကျပ် ၁၀၀၀၀ ကနေ  ၅၀၀၀၀ ထိ ငွေကောက်ခံကာ အဆင်မပြေတဲ့အိမ်ထောင်စုက လူငယ်တွေကို ငွေ သိန်း ၇၀ ပေးမယ်လို့ပြောပြီး ငွေ ၁၀ သိန်းပေးကာ ခေါ်ဆောင်သွားတယ်လို့ ခေါ်ဆောင်ခံရသူနဲ့ နီးစပ်သူတဦးက  DVB ကိုပြောပါတယ်။

“အခုနောက်ပိုင်းရပ်ကွက်ထဲမှာ စစ်မှုထမ်းဖို့ဆိုပြီး မဲတွေ ဘာတွေမနှိုက်ရတော့ဘဲ အိမ်တွေကို ငွေတွေကောက်ခံ တယ်လေ။ ကောက်ပြီးတော့ စစ်မှုထမ်းချင်တဲ့သူရှိလို့ရှိရင် ငွေပေးတယ် သိန်း ၇၀ ပေါ့ တချို့ သိန်း ၅၀ပေါ့ ရပ်ကွက်ချင်းတော့မတူကြဘူး။ တရပ်ကွက်နဲ့ တရပ်ကွက်က၊ အစ်မတို့နေတဲ့ရပ်ကွက်မှာတော့ သိန်း ၇၀ ပေးတယ်။ တရပ်ကွက်ကို နှစ်ဦး၊ အခုမနေ့က လာခေါ်သွားပြီကောင်လေးကို၊ လက်ရှိသူတို့ကို ၁၀ သိန်း ပေးထားတယ်၊ သူတို့က နောက်သုံးရက်နေရင် ကွန်ဖန်းဖြစ်တယ်ဆို သူတို့က မိသားစုကို ကျန်တဲ့ပိုက်ဆံပေး မယ်ပြောတယ်။ အခုထိတော့မပေးသေးဘူး၊ မနေ့ကမှခေါ်သွားတယ်၊ လူကြီးနဲ့ကလေးတွေပဲ ရှိတဲ့အိမ်ကို ၁၀၀၀၀ သူတို့သတ်မှတ်ထားတဲ့ အသက်အရွယ်အပိုင်းတခြားရှိတဲ့ အိမ်ဆို ၂၀၀၀၀၊ ၃၀၀၀၀  ဆိုပြီး ကောက်တယ်။”

ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့တွေကတော့ စစ်ကောင်စီယန္တရားလည်ပတ်မှုမှာ အခြေကျဆုံး ထောက်တိုင်တွေဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အံတုဖီဆန်ဖို့အတွက် “စစ်ကျွန်အုပ်ချုပ်မှု အံတုရေး ရပ်ရွာလူထုလှုပ်ရှားမှု” တခုကို ပြုလုပ်နေကြပါတယ်။

အခုလို စစ်မှုထမ်းဖို့ အတင်းအကျပ်ခေါ်ဆောင်ရာမှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အဓိက နေရာကနေပါဝင်နေတဲ့အတွက် ခိုင်လုံတဲ့အချက်အလက်တွေနဲ့အတူ တိုင်ကြားဖို့ကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုက ကိုနန်းလင်းက တိုက်တွန်းပါတယ်။

“ဧည့်စာရင်း သန်းခေါင်စာရင်းကစလို့ စစ်သားစုတာအဆုံးပေါ့နော် လူထုကို ပုံစံအမျိုးမျိုးနဲ့ဖိနှိပ် ဆက်ကြေးကောက်နေတဲ့ လူထုရဲ့ အနီးဆုံးရန်သူတွေဖြစ်ပါတယ်။ လူထုရဲ့ အနီးဆုံးရန်သူဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို မနာခံဖီဆန်ပြီးတော့ လူထုက လူမှုပြစ်ဒဏ်ခတ်ခြင်းနည်းလမ်းတွေနဲ့ အာဏာဖီဆန်ဖို့ ဆိုပြီး ရန်ကုန်မှာရှိတဲ့ သပိတ်အင်အားစုတွေစုပေါင်းပြီးတော့ ဒီလှုပ်ရှားမှုတွေကို ဆောင်ရွက်နေတာလို့ ပြောလို့ ရပါတယ်။ စစ်အုပ်စုက ဒီလိုမျိုး အလဲလဲအကွဲကွဲ ဖြစ်နေချိန်မှာတောင် အမြင်မှန်မရသေးဘဲနဲ့ ပြည်သူကို ဆက်ပြီးတော့ ကိုယ့်ရဲ့ တကိုယ်ရေ အာဏာနဲ့ ကိုယ်ကျိုးအတွက် ဖိနှိပ်နေမယ်၊ စစ်ရာဇဝတ်မှုတွေဆက်ပြီး ကျူးလွန်နေမယ်ဆိုရင်တော့ သေချာတယ်။ လူထုရဲ့ မနာခံမှု ဖီဆန်မှုရယ် လူထုရဲ့ ပြစ်ဒဏ်ခတ်ခြင်းတွေကို ကျိမ်းသေပေါက် ကြုံရလိမ့်မယ်လို့ ပြောချင်တယ်။”

ပြည်သူတွေကို အတင်းအကျပ်ဖိနှိပ်ပြီး စစ်ကောင်စီအလိုကျ လိုက်လုပ်ပေးနေတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ အမည် လိပ်စာ ဓာတ်ပုံနဲ့ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို OakGyiCampaignBot တယ်လီဂရမ်မှာ တိုင်ကြားနိုင် တယ်လို့လည်းပြောပါတယ်၊  

စစ်မှုထမ်းဖို့ အတင်းအကျပ် တပ်သားသစ်ခေါ်ယူစုဆောင်းရာမှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက နည်းလမ်းမျိုးစုံသုံးပြီး ခေါ်ယူနေတာဖြစ်ပြီး အခုဆို အပတ်စဉ် ၄ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013