Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအကြိမ် ၆၀ ခန့်ရှိ၊ လူပေါင်း ၁၂၀၀ ကျော် သေဆုံး
DVB
·
August 19, 2024

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း တကြိမ်မှာ ၁၀ ဦးနဲ့အထက် အစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့ အကြိမ်ပေါင်း ၅၇ ကြိမ်အထိ ရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်တွေအတွင်း စုစုပေါင်း လူ ၁,၂၂၄ ဦး သေဆုံးခဲ့ရတယ်လို့ ISP Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

အခု ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ သုတေသနပြုလေ့လာထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး ဒါဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေအရ စစ်ရာဇဝတ်မှုမြောက်သလို ပြင်းထန်ဆိုးရွားတဲ့ တချို့သော ကျူးလွန်မှုတွေမှာ လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်ချိုးဖောက်မှု မြောက်စေတဲ့အပြင် မြန်မာနိုင်ငံ ပဋိပက္ခအတွင်းမှာ အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေဟာ တားမနိုင်ဆီးမရ ဖြစ်နေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၀ ဦးနဲ့အထက် အစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေထဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်တုန်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဗုံးကြဲသတ်ဖြတ်မှု ဖြစ်စဉ်ကတော့ လူအသေအပျောက် အများဆုံးဖြစ်ပြီး ၁၇၄ ဦး သေဆုံးခဲ့တယ်လို့ လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။ 

အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၆၂ ဦးအထိတောင် ပါခဲ့သလို အခုနှစ် ၂၀၂၄ ရဲ့ ၆ လတာအတွင်းမှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖမ်းဆီးပြီး အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အရပ်သားဦးရေ ၃၅၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါဟာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ဖြစ်ခဲ့ပြီးတော့ အများစုဖြစ်ရပ်တွေမှာ စစ်ကောင်စီက မသင်္ကာမှုနဲ့ ရွာတွေထဲက အရပ်သားတွေကို အစုလိုက် ဖမ်းဆီးစစ်ဆေးရာကတဆင့် အစုလိုက် သတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာအပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ သေဆုံးတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူလူထုတွေ ညဘက် အိပ်နေချိန်၊ ဘာသာရေးအဆောက်အအုံတွေထဲ ထွက်ပြေးခိုလှုံနေချိန်နဲ့ အစည်းအဝေးလုပ်နေချိန်တွေအပြင် ကျေးရွာထဲကို ဝင်ရောက်ဖမ်းဆီးတာနဲ့ နှစ်ဖက်တိုက်ပွဲတွေအကြား သတ်ဖြတ်ခံခဲ့ရတာတွေလည်း ပါဝင်တယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

ဒါကြောင့်မို့ စစ်ပွဲတွေအတွင်း စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ တိုက်ခိုက်မှုကိစ္စ၊ ခုလို သတ်ဖြတ် ချိုးဖောက်မှုတွေက တချိန်မှာတော့ တာဝန်ယူ တာဝန်ခံမှုတွေအတွက် ပြောကြ ဆိုကြရမှာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အဖွဲ့က မကြာသေးခင်က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ မယုံကြည်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်မှုတွေ ပျံ့နှံ့နေတယ်လို့ ဖော်ပြထားပြီးတော့ ပြီးခဲ့တဲ့နှစ်မှာ လေကြောင်း ဗုံးကြဲမှုတွေ သိသိသာသာ တိုးလာခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ပဋိပက္ခတွင်း သေဆုံးမှုနဲ့ အရပ်သားတွေအတွက် အန္တရာယ် အများဆုံးနိုင်ငံတွေထဲမှာ ထိပ်ပိုင်းက ဆက်လက်ပါဝင်နေတယ်လို့  ကမ္ဘာတဝန်း လက်နက်ကိုင်ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ ACLED အဖွဲ့က ထုတ်ပြန်ပါတယ်။

အခုနောက်ဆုံး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကတော့ အခု ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၆ လတာ အတွင်း မြန်မာ့ပဋိပက္ခနဲ့ ပြည်တွင်းစစ်အချက်အလက်တွေကနေ ဆန်းစစ်တွက်ထုတ်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ နေရာမှာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွင်း သေဆုံးမှုအခြေအနေမှာတော့ ကမ္ဘာ့နိုင်ငံတွေထဲ မြန်မာနိုင်ငံက အဆင့် ၃ နေရာမှာ ရှိနေပြီး အရပ်သားတွေ အန္တရာယ်ရှိမှုအဆင့် ၄ ၊ ပဋိပက္ခ ပျံ့နှံ့မှုအဆင့် ၉ နဲ့ အကွဲကွဲအပြားပြားဖြစ် အဆင့် ၁ နေရာတွေမှာ အသီးသီး ရှိနေတာလို့ ACLED က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013