စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့ကို ဩဂုတ် ၁၈ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ် ( PDF) တွေက အလုံးစုံသိမ်းယူနိုင်ခဲ့ပေမဲ့ အချိန်တရက်မကြာခင်မှာပဲ ပြန်လက်လွှတ်ခဲ့ရပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာ၊ တပ်သားအင်အားတွေ တိုးမြှင့်ချတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် PDF တွေက ပြန်လည်ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဒီပဲယင်းကို သိမ်းယူရာမှာ ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တခုတည်းသော အမိန့်ပေးစနစ် COC ကို မတည်ဆောက်နိုင်သေးတာ၊ NUG စစ်ဒေသက ဒီပဲယင်းမှာ အထိုင်စခန်းချဖို့ အစီအစဉ်မရှိသေးတာ၊ လက်နက်ခဲယမ်း လုံလောက်မှုမရှိတာတွေကြောင့် ခဏအတွင်းမှာ စစ်ကောင်စီက မြို့ကို အလွယ်ပြန်သိမ်းသွားနိုင်တာလို့ စစ်ကိုင်းဒေသတွင်း နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။
ဒီပဲယင်းမြို့ကို ပြန်လက်လွှတ်ခဲ့ရပေမဲ့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား၊ NON-CDM ဝန်ထမ်းနဲ့ ပျူစောထီးယန္တရားတွေကို ဖျက်ပစ်နိုင်ခဲ့တယ်လို့ ဒေသတွင်း PDF အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ရှိသူတဦးက “ရဲဘော်တွေ မြို့သိမ်းပြီးတော့ ရှင်းလင်းရေးလုပ်ပြီးတော့ ကိုယ့်ဌာနေ ကိုယ်ပြန်ကြတာပေါ့ဗျာ။ မြို့ပေါ်မှာ အနည်းအကျဉ်းလောက် ရှိတဲ့အချိန်မှာ သူတို့က ဝေဟင်က ချလာတာလေ။ ရှိနေတဲ့ ရဲဘော်တွေကျတော့လည်း ဒီပဲယင်းက ထွက်ပြေးတဲ့ စစ်(--) တွေက ဒီပဲယင်းမြောက်ဘက်က ကံဖျားရွာဘုန်းကြီးကျောင်းထဲ ပုန်းနေတာ။ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့၊ အင်အားနည်းနေတဲ့အချိန်နဲ့ လက်ရှိမြေပြင်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်နေတာနဲ့ဆိုတော့ သူတို့က အေးအေးဆေးဆေး သက်သောင့်သက်သာ ပဲဝင်တယ်။ မြို့မှာက ဘာမှ စီမံရေးဆွဲတာ မရှိသေးဘူးလေ။ ရှင်းလင်းရေးလုပ်ပြီး တချို့လည်း ပြန်ခေါက်၊ သူတို့က ချက်ချင်းကြီးဆိုတော့ ထင်လည်းထင်မှတ် မထားဘူးပေါ့။ အဲ့လိုသဘောပဲ။ နောက်တခါ ဝင်လာတဲ့စစ်ကြောင်းက ခမရ ၇၀၄ ပေါ့ဗျာ။ မန္တလေးနန်းတွင်းကနေပြီးတော့မှ သူတို့စုရပ်လုပ်ပြီးတော့မှ နန်းတွင်းကို ခေါ်ထားတဲ့အထဲက ဘီလူးစစ်ကြောင်းလို့ နာမည်ထွက်နေတဲ့အထဲက အဖွဲ့ပေါ့ဗျာ။ အဲ့ဒါကိုမှ ဒီပဲယင်းကို ပို့လိုက်တာဆိုတော့ အဓိကက သူတို့ပြည်သူကို ဦးတည်ပြီးတော့ မဲမှာဆိုတဲ့အခါကျတော့ ကျုပ်တို့ကိုယ်တိုင်ပဲ ပြည်သူတွေ တိမ်းရှောင်ကြဖို့ လှုံ့ဆော်ထားတာ ရှိတယ်။ လောလောဆယ်တော့ ကျုပ်တို့ဂုဏ်ယူလို့ရတာက ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ် ဆိုတဲ့ မှတ်တမ်းကလည်း တကယ်ကို အစစ်အမှန်မှတ်တမ်းတရပ် ထူနိုင်ခဲ့တယ်ပေါ့ဗျာ”လို့ ပြောပါတယ်။
ဒီပဲယင်းမြို့ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ-နမခ)နဲ့ ၃၅ မိုင်အကွာအဝေးမှာပဲ တည်ရှိတာကြောင့် စစ်ကောင်စီက ချက်ချင်းပြန်ရယူနိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
မုံရွာ-ရေဦး ကားလမ်းဘေးမှာ တည်ရှိတဲ့ ဒီပဲယင်းမြို့နဲ့ နမခအကြားမှာ ဘုတလင်မြို့တမြို့သာ ခြားတော့တာလည်း ဖြစ်ပါတယ်။
PDF တွေအနေနဲ့လည်း နမခကနေ ၄၅ မိုင်အထိ ပစ်နိုင်တဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးရန်ကြောင့် ဒီပဲယင်းမြို့ပေါ်မှာ ရေရှည်အထိုင်တပ်စွဲထားနိုင်တဲ့ အခြေအနေမရှိခဲ့ပါဘူး။
ဒီပဲယင်းမြို့ခံတဦးက “မနေ့ကသူတို့ MI 17 နဲ့ ၂ စီး ၂ စီး ၄ခေါက် ထပ်ချတယ်။ ဒီပဲယင်းထဲက အောင်ချမ်းသာချောင်းပေါက်မှာပေါ့ တန်ဆည်နဲ့ကပ်ရပ်၊ အခု အဲဒါ ပြန်ဝင်တယ်လို့ ကြားတယ်။ သူတို့မဝင်ခင်မှာ ၃၅ ရော ဂျက်ဖိုက်တာရော တွန်းပစ်နေတာလေ တမြို့လုံး။ တမြို့လုံးဆိုတဲ့အခါကျတော့ နောက်ဆုတ်ပေးလိုက်ရတာပေါ့။ သူတို့ဘက်က ပျူအင်အား ၁၀၀ လောက် ဖမ်းဆီးရရှိမိတယ်။ အားလုံးပေါင်း ၁၈၀ လောက်ဆိုတော့ ဝန်ထမ်းက ၈၀ လောက် ဖြစ်မှာပေါ့။ ကြားသိရတာတော့ ရိက္ခာပစ္စည်းကတော့အပြည့်ပဲ သူတို့သိုလှောင်ထားတာတွေ ကိုယ့်ဘက်က ရလိုက်တယ်”လို့ ပြောပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ခဲ့ပြီး ၃ ရက်အကြာ ၁၈ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။
တခုတည်းသောအမိန့်ပေးစနစ်အောက်မှာ ဒေသတွင်း LPDF တွေ ရှိမနေသေးတာကြောင့် ခံစစ်၊ ဖြတ်စစ်၊ တိုက်စစ်၊ အသေခံ စသဖြင့် တာဝန်ခွဲဝေနိုင်တာမျိုး မရှိသေးတာကြောင့် မြို့ကို ပြန်လက်လွှတ်ခဲ့ရတာလို့ ဒေသတွင်း နိုင်ငံရေးသမားတွေက သုံးသပ်ထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မအောင်မြင်ခဲ့တဲ့ ထီးချိုင့်နဲ့ ကနီ မြို့သိမ်းတိုက်ပွဲတွေဟာလည်း အလားတူ အကြောင်းအချက်တွေကြောင့်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သုတချမ်းသာ