၁၀၂၇ စစ်ဆင်ရေးကစလို့ မဟာဗျူဟာမြောက် အရှုံးကို ရင်ဆိုင်ခဲ့ရပြီးနောက် စစ်အုပ်စုဝင်များကြား ဒဏ်ရာက ပိုနက်လာရုံတင်မက ပြည်တည်နေတဲ့ အနာက နင်လားငါလား ရောင်ကိုင်းလို့လာတယ်။
တကယ်တိုက်ရတဲ့ စစ်သားတွေကြား တိုက်ပွဲခေါ်သံကြားတိုင်း သွေးလေချောက်ချားလာတယ်။ မတိုက်ခင်ကတည်းက ဘယ်အပေါက်က ပြေးရင် လွတ်နိုင်မလဲလို့ ပြေးလမ်းကို ကြိုကြည့်ထားကြကြောင်း မဲဆောက်ရောက် စီဒီအမ်စစ်သားတဦးက ရယ်သံနည်းနည်းစွက် ပြောပြတာ နားထောင်ခဲ့ရဖူးတယ်။
ရှေ့တန်းဆိုပြီး ထွက်လာလိုက်ရတာ တနှစ်ခွဲကျော်ကြာ။ အဲဒီတနှစ်ခွဲကျော်စလုံးကလည်း တိုက်ပွဲတွေချည်း။ တောထဲပဲသွားသွား၊ မြို့ထဲပဲဝင်ဝင် နေရာတိုင်းဟာ ရှေ့တန်းစစ်မြေပြင်ချည်းမို့ ကိုယ့်အသက်ကိုယ် ကျစ်ကျစ်ပါဆုပ်ကာ သတိကြီးကြီးထားရ။ တပ်ရင်းပြန်ရမယ့်ရက်၊ မိသားစုနဲ့ ပြန်ဆုံရမယ့်ရက် ဆိုတာကိုလည်း မသိ၊ ကိုယ့်ရှေ့မှာ စစ်သားတွေ တဖြုတ်ဖြုတ်သေ၊ ကိုယ့်အပတ်စဉ်တူ သူငယ်ချင်းတွေရဲ့ သေသတင်းကိုလည်း မကြာခဏဆိုသလို ကြားရ။ သေခြင်းတရားနဲ့ သိပ်နီးပြီး သေရမှာ ကြောက်နေတော့လည်း ကိုယ့်မိသားစုကိုပါ မေ့။ ဒီအချိန် ဘဝမှာ အဖြစ်ချင်ဆုံးအရာက စစ်မတိုက်ချင်တော့တာပဲတဲ့။ ဖြစ်ချင်ရာဖြစ် အလင်းဝင်မလို့ ပိုင်းဖြတ်လိုက်တယ်။ အလင်းဝင်ဖို့ရာ အလစ်ချောင်းနေခိုက် ဇူလိုင်လအတွင်း တိုက်ပွဲတခုမှာ သေသွားခဲ့တဲ့ စစ်တပ်အရာရှိတဦး အဲဒီလို ပြောပြခဲ့ဖူးကြောင်း သူ့အမဆီကနေတဆင့် ပြန်ကြားခဲ့ဖူးတယ်။
စစ်သားဆိုတာ စစ်သားဝိညာဉ် ရှိရမယ်။ စစ်သားဝိညာဉ် ဆိုတာ စစ်တိုက်ဖို့ရာ အစဉ်နိုးကြားနေခြင်းနဲ့ အနိုင်ယူချင်တဲ့စိတ်။ မင်းအောင်လှိုင်စစ်သားတွေမှာ စစ်သားဝိညာဉ် ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးကတည်းက အကောင်းဆုံး ဖော်ပြခဲ့တယ်။ တိုက်တိုင်းရှုံးတပ်၊ ငါမသေ ငါ့စခန်းမကျစေရ ဆိုတဲ့ ယိုင်နဲ့နဲ့ ဆိုင်းဘုတ်အောက် စစ်သားအလောင်းတွေ ပြန့်ကျဲလို့။ တိုက်တာနဲ့ ဆုတ်ပြေး၊ အလံဖြူထောင် လက်နက်ချ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတုန်းက လောက်ကိုင်အခြေစိုက် စစ်တပ်အကြီးအကဲကနေ အောက်ခြေအဆင့်ထိ စစ်သားထောင်နဲ့ချီ ကိုးကန့်တပ် MNDAA ထံ လက်နက်ချ အညံ့ခံပြီးနောက် လက်ချည်းဗလာနဲ့ ခေါင်းငိုက်စိုက်ချ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲ ပြန်ဝင်သွားခဲ့တဲ့အဖြစ်က စစ်တပ်ရာဇဝင်မှာ တကြိမ်မှ မရှိဘူးသလို ခေတ်သစ်ကမ္ဘာမှာလည်း အတော့်ကို ရှားလိမ့်မယ် ထင်တယ်။
အခု ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးကာလ ရောက်တော့လည်း သံမဏိသားလို မာကျောတယ် ဆိုတဲ့ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို တလနဲ့အပြတ် MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ပြခဲ့တယ်။ ထုံးစံအတိုင်း လက်နက်ချ အညံ့ခံစစ်သား ထောင်နဲ့ချီ။ မင်းအောင်လှိုင်ခန့် ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်တွေကိုတောင် တိုက်ပွဲမှာ အရှင်ဖမ်းမိ။ မင်းအောင်လှိုင်နဲ့ နေပြည်တော်က လက်တဆုပ် ဗိုလ်ချုပ်တွေကတော့ သူတို့မသေရင် ပြီးရော၊ သူတို့အာဏာ မပြိုလဲသေးရင် ပြီးရော၊ ဘာမှမဖြစ်သလို အေးဆေးချင်ယောင်ဆောင်။
အဲဒီလို အရှုံးပေါ် အရှုံးထပ်ကာ ရှုံးဖို့အတွက် စစ်တိုက်နေတာလားလို့ မေးခွန်းထုတ်ရမယ့် အချိန်မှာ မင်းအောင်လှိုင်ရဲ့ ကျောသပ်ရင်သပ် အဖက်လုပ်ခြင်းလည်း မခံရ၊ ရှေ့တန်းထွက် စစ်တိုက်စရာလည်း မလိုဘဲ ကျည်ကွယ်မျက်ကွယ်မှာ ငါတို့တပ်မတော်ကြီးကွလို့ လက်သီး လက်မောင်း တန်းနေတဲ့ စစ်အုပ်စုဝင်တွေကြား အနာတွေ ပိုရင်းလာတယ်။ တပ်မတော်ကြီးရဲ့ အရှုံးကို ကြည့်ကာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျရတယ်လို့လည်း ကြားရတယ်။
အာဏာရှင် နေဝင်းနဲ့ သန်းရွှေလက်ထက် တိုင်းရင်းသားလက်နက်ကိုင်တွေကို အခုလို ရုပ်ပျက်ဆင်းပျက် တခါမှ မရှုံးခဲ့ဘူးလေတော့ စစ်အုပ်စုဝင်တွေ ပိုရင်နာကြရတယ်။ ပြောရရင် စစ်တိုက်နေရတဲ့ စစ်သားတွေက တိုက်ချင်ခိုက်ချင်စိတ် ကုန်ခန်းနေပေမဲ့ လေနဲ့တိုက်နေတဲ့ စစ်အုပ်စုဝင်တွေကတော့ ရင်ထုမနာ။ အဲဒီမှာ ကာချုပ်မင်းအောင်လှိုင်ကို လက်ညှိုးထိုးတာတွေ ဖြစ်လာတော့တယ်။
မင်းအောင်လှိုင်ကို ကာချုပ်ရာထူး စိုးဝင်းဆီ အပ်တော့လို့ ပထမဆုံး တည့်တည့် ဝေဖန်လိုက်သူကတော့ အစွန်းရောက် မဘသ ပေါက်ကိုယ်တော် ဆိုတဲ့သူ။ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ အကြမ်းဖက်စစ်တပ် ဒူးနဲ့မျက်ရည်သုတ်လို့ကောင်းတုန်း ဇန်နဝါရီ ၁၆ ရက်၊ ပြင်ဦးလွင်မှာ ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ ဘုရားဒကာကြီး မင်းအောင်လှိုင် ကာချုပ်ရာထူး စွန့်တော့လို့ ပြောကြားခဲ့ခြင်း ဖြစ်တယ်။ ပြီးတော့ မကြာ၊ အဲဒီ မဘသကို စစ်ကောင်စီက ခေါ်စစ်ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်။
အခု ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး၊ ဩဂုတ် ၃ ရက်မှာ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်တွေ သိမ်းအပြီး လေနဲ့တိုက်နေတဲ့ စစ်အုပ်စုဝင်တွေရဲ့ မင်းအောင်လှိုင်အပေါ် ဝေဖန်သံတွေ ပိုသည်းထန်လာပြန်တယ်။
စစ်ကျွန်မျိုးချစ်တဦးက “ဦးမင်းအောင်လှိုင် ခင်ဗျားလက်ထက်မှာ ဒီ ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကြီး ဆုံးရှုံးတာ ခင်ဗျား ရှက်သင့်တယ်။ ခင်ဗျားတို့တဖွဲ့လုံး နုတ်ထွက်သင့်တယ်” လို့ တယ်လီဂရမ်မှာ ရုပ်သံလွှင့် ဝေဖန်ခဲ့တာ တွေ့ရတယ်။
အာချောင်လွန်းတဲ့ ပေါက်ကိုယ်တော်ကလည်း မင်းအောင်လှိုင် ပုတီးစိပ်၊ ဘုရားတည်တာတွေ ရပ်၊ စစ်ကို စစ်နဲ့တူအောင်တိုက်ဖို့ ပြောပြန်တယ်။
ဘူးလက်လှဆွေက မင်းအောင်လှိုင်ကို စောင်းမြောင်းဝေဖန်တယ်။ ဘုန်းကြီးလို့ဆိုတဲ့ ဝီရသူကလည်း အလှူကြီးပေးနေတဲ့ မင်းအောင်လှိုင်လို့ အတိအလင်းပဲ လှောင်ပြောင်ခဲ့တယ်။
ဝေဖန်ချက်တွေကို ကြည့်လိုက်ရင် မင်းအောင်လှိုင်ကို ဦးတည်ဝေဖန်ကြတာဖြစ်ပြီး စစ်ကောင်စီတစုံလုံးကို ဝေဖန်ကြတာမျိုး မဟုတ်သလို ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်အပ်ဖို့ ပြည်သူ့ဘက်က ရပ်တည်ဝေဖန်ကြတာမျိုးလည်း မဟုတ်ပါဘူး။ ပြောရရင် စစ်တပ် ရှုံးနိမ့်နေတာကို မချိတင်ကဲ တစစ်စစ် နာကျင်မှု။
မင်းအောင်လှိုင် ဆိုတာက တတိယအာဏာရှင်ဖြစ်ဖို့ မပြောနဲ့၊ နေပြည်တော်အပြင်ဘက် ထွက်တာနဲ့ သူ့အာဏာပိုင်စိုးမှုက ကွက်လပ်တွေ သိပ်များနေတာကြောင့် အာဏာတည်မြဲရေးအတွက် အင်မတန် ဓားထက်တဲ့သူ။ ဘက်စုံထောင့်စုံ ရှုံးသထက် ရှုံးလာတာနဲ့အမျှ သူ့အပေါ် လာထိပါးသူတွေကို သံသယကြီးစွာနဲ့ ရှင်းပစ်ဖို့လည်း ဝန်မလေးတဲ့သူ။
အဲဒီလို ဓားထက်တဲ့ မင်းအောင်လှိုင်ကို မလောက်လေးမလောက်စား မျိုးချစ်တွေက မကြောက်မရွံ့ ဘာ့ကြောင့် ဝေဖန်ရဲရပါသလဲ။ ပြီးတော့ သူ့အပေါ် တည့်တည့်ဝေဖန်လာတဲ့ စစ်ကျွန်မျိုးချစ်တစုကို မင်းအောင်လှိုင်က ဘာ့ကြောင့် ဒီအတိုင်းကြည့်နေတာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်ရတော့တယ်။ မဘသ မျိုးချစ်ဆိုတာ စစ်ဗိုလ်ချုပ်တွေ သေဆို သေရမယ့်သူတွေချည်း၊ အချိန်မရွေး အလွယ်တကူ တောက်ထုတ်လိုက်လို့ရတဲ့ သူတွေချည်း။
ဝေဖန်ရဲတဲ့သူတွေကို တောက်ထုတ်ပစ်လိုက်လို့လည်း စစ်ကျွန်မျိုးချစ်တွေ အုံလိုက်ကျင်းလိုက် တော်ပါပြီ စစ်ကောင်စီရယ်ဆိုပြီး စစ်အုပ်စုဝင်အဖြစ်ကနေ ကျောခိုင်းမသွားမှာ သေချာတယ်။ အကယ်၍ ကျောခိုင်းသွားခဲ့ရင်တောင် မင်းအောင်လှိုင်က ဂရုစိုက်မနေမှာလည်း သိပ်သေချာတယ်။
ဆိုတော့ မင်းအောင်လှိုင်ကို ဝေဖန်နေတဲ့ မျိုးချစ်အားလုံး မဟုတ်တောင် ဝီရသူတို့လို၊ ပေါက်ကိုယ်တော်တို့လို နည်းနည်းပါးပါး ထင်ရှားသူတွေကို စစ်ကောင်စီက တမင် ရည်ရွယ်ချက်ရှိရှိ ဝေဖန်ခိုင်းနေသလား ဆိုတာ မဖြစ်မနေ ထည့်တွက်ရပါမယ်။
ဘာ့ကြောင့် စစ်ကောင်စီက ဝေဖန်ခိုင်းရတာပါလဲ။ ရင်းနေတဲ့ အနာထဲက ပြည်တွေကို ဖောက်ထုတ်စေခြင်း နည်းလမ်း။ အနာက အတွင်းသားထဲမှာ ပြည်တွေနဲ့ ပုပ်ပွ ကိုက်ခဲ ရောင်ကိုင်း။ အဲဒီအနာ လုံးဝပျောက်ကင်းသွားစေမယ့်ဆေးလည်း မရှိတာကြောင့် ကိုက်နေ၊ ရောင်နေတာတွေကို လျော့ပါးစေမယ့် တခုတည်းသောနည်းလမ်းက ပြည်တွေကို ဖောက်ထုတ်ပစ်မှ။
ဘာပဲဖြစ်ဖြစ် ပြောကြည့်တော့ ရင်ထဲ ပေါ့သွားတာပေါ့ ဆိုတာမျိုး။ အရှုံးတွေကြောင့် နာရကျင်ရ မင်းအောင်လှိုင် အပေါ်လည်း ဒေါသထွက်နေရတာတွေကို နည်းနည်းပါးပါး ဖောက်ထုတ်ခိုင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ပြောချင်တာက မင်းအောင်လှိုင်ကိုတောင် သူ့လူတွေ ပြန်ဆော်နေပြီရဲ့ နောက်ဆက်တွဲ မင်းအောင်လှိုင်အာဏာ အဖြိုခံရတော့မယ်လို့ အိပ်မက်တွေ မမက်မိကြစေဖို့ပါပဲ။ နောက်ဆုံး မျိုးချစ်တွေက သူတို့သဘောနဲ့သူတို့ မင်းအောင်လှိုင်ကို ဝေဖန်ခဲ့တယ်ပဲ ထားဦး၊ စစ်ကျွန်မျိုးချစ်တွေဟာ စစ်ကောင်စီထီးရိပ်အောက်ကနေ ခွာသွားမယ့်အဆင့်တောင် ရောက်မှာ မဟုတ်ပါဘူး။
ရှေ့တန်းမှာ တကယ်တိုက်နေရတဲ့ စစ်သားတွေ အစုလိုက်အပြုံလိုက် လက်နက်ချ အလင်းဝင်တာမျိုး ဖြစ်နေပြီး ဆက်လည်း ဖြစ်လာဦးမှာပါပဲ။ ဒါပေမဲ့ နေပြည်တော် စစ်ဗိုလ်ချုပ်တချို့က လူလိုသူလို တွေးတတ်လာကာ မင်းအောင်လှိုင်ဆီက အာဏာပြန်သိမ်းတာမျိုး ဖြစ်လာဖို့ဆိုတာ ရာခိုင်နှုန်း အတော်နည်းပါတယ်။ နောက်ဆုံး အာဏာသိမ်းတယ်ပဲ ထားဦးတော့၊ စောမောင်ဆီကနေ သန်းရွှေနဲ့ ခင်ညွန့်တို့ ပြန်သိမ်းသလိုမျိုး သူတို့အတွက် သူတို့သိမ်းတဲ့ အာဏာသိမ်းပွဲမျိုးသာ ဖြစ်လာနိုင်မှာပါ။
ဘာလို့လဲဆိုတော့ နေပြည်တော် စစ်ဗိုလ်ချုပ်တွေက အကြောက်ကြီးကြပြီး သူတို့အတွက်ကလွဲ ကျန်တာတွေမသိတဲ့ လောဘသားတွေ ဖြစ်ကြတာကြောင့်အပြင် ပြည်သူဆိုတဲ့ ဝေါဟာရ သူတို့နဲ့ ဆယ်ဘဝလောက် ဝေးနေလို့ပါပဲ။