စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ဝန်ထမ်းတွေကို လစာပေးဖို့ တိုးချဲ့ပြီး လုပ်ဆောင်နေပေမဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီက ငွေပေးချေမှုစနစ်ကို ထိရောက်ဖို့အတွက်နဲ့ ငွေသားအသုံးပြုမှုကို လျှော့ချဖို့ ရည်ရွယ်ကာ အစိုးရဝန်ထမ်းတွေရဲ့ လစာကို ဒစ်ဂျစ်တယ်နည်းလမ်းတွေ အသုံးပြုပြီး ပေးဖို့ တိုးချဲ့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုမှုမှာ ငွေသားထုတ်ယူဖို့ လုံးဝမလိုအပ်ဘဲ မိုဘိုင်း ငွေကြေးလဲလှယ်ဝယ်ယူမှုတွေနဲ့ လုပ်ဆောင်နေတဲ့အတွက် အောင်မြင်စွာ လည်ပတ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအခြေအနေနဲ့ကတော့ ငွေသားမပါဘဲ ဒစ်ဂျစ်တယ်ငွေကြေးကို လည်ပတ်စေဖို့ အတွက်က အခက်အခဲတွေ အများကြီးရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျူ- ISP Myanmar က ပြင်ပ ဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
“ယေဘုယျပြောရရင်တော့ ဒစ်ဂျစ်တယ်ငွေကြေးသုံးတာက ပိုကောင်းတယ်လေနော်။ Currency လို့ခေါ်တဲ့ ငွေစက္ကူတွေ ရိုက်ထုတ်ရတဲ့ စရိတ်တွေ သက်သာတယ်။ နောက်ပြီးတော့ ပိုပြီးတော့ ထိရောက်တယ်။ တနေရာနဲ့ တနေရာ အပေးအယူ transaction လုပ်ရတာတွေလည်း ထိရောက်ပါတယ်။ ဒါပေမဲ့ ပြဿနာက communication ဆက်သွယ်ရေးပြဿနာ ရှိပါတယ်။ လက်ရှိမှာကိုက ပြည်တွင်းမှာ ဘဏ်တခုမှာ payment တခုချင်းစီ ဖြစ်နေတာလေ။ payment တွေ အားလုံး unify (ပေါင်းစည်း) လုပ်ဖို့လိုအပ်တယ်။ payment တွေအားလုံး unify ဖြစ်အောင် လုပ်ရမှာက ဗဟိုဘဏ်ရဲ့ တာဝန်ဖြစ်တယ်။”
လစာပေးရာမှာ အေတီအမ်ကတ်၊ ဘဏ်အကောင့်နဲ့ မိုဘိုင်းငွေကြေးစာရင်းတွေထဲ ထည့်ပေးမှာဖြစ်ပြီး အစိုးရဘဏ်တွေသာမကဘဲ ပုဂ္ဂလိကဘဏ်တွေကိုပါ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်စာတွေ ပေးပို့ထားတာ ဖြစ်ပါတယ်။
အခုလို လုပ်ဆောင်တာဟာ ငွေသားအသုံးပြုမှုကို လျှော့ချရုံသာမကဘဲ စစ်ကောင်စီရဲ့ နိုင်ငံတကာအပေါ် မျက်နှာရလိုမှုလည်း ဖြစ်နိုင်တယ်လို့ စီးပွားရေးနဲ့ မူဝါဒရေးရာ ကျွမ်းကျင်သူ တယောက်ကလည်း မှတ်ချက်ပြုပါတယ်။
“ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ အဆင်ပြေတယ်လေ။ သူတို့မှာ cash ကို အားမပေးဘူးလေ။ card တွေ Pay တွေပဲ သုံးကြတာလေ။ ဒါပေမဲ့ အဲဒါတွေသုံးဖို့ဆိုရင် အင်တာနက်ကောင်းရမယ်၊ ဆိုင်တွေမှာလည်း လက်ခံမယ့်စနစ်တွေ ရှိနေရမယ်။ မီးပျက်လို့ ဘာလို့ဆိုပြီး လက်မခံတာမျိုး မရှိဘူးလေ။ မြန်မာနိုင်ငံမှာတော့ ဘဏ်အကောင့်ဖွင့်ထားတာ ၂၆ ရာခိုင်နှုန်းလားပဲ ရှိသေးတာ။ နောက်ပိုင်း မိုဘိုင်းပေး အင်တာနက်ပေးတွေတော့ ပိုသုံးလာကြတာပေါ့။ အဓိကပြဿနာက infrastructure ပြဿနာ ဖြစ်နေတာပေါ့။ ပြီးတော့ ဘဏ်တခုတည်းနဲ့မရဘူး၊ တယ်လီကွန်းကုမ္ပဏီတွေလည်း လိုသေးတယ်။ အဓိကကတော့ ငွေစက္ကူသုံးတာ နည်းသွားအောင်ပေါ့။ တခုက သူတို့မှာ ငွေစက္ကူရိုက်ဖို့ အခက်အခဲ ရှိနေတာလား။ သူတို့က နောက်ကွယ်မှာ အကြောင်းလေးတွေ ရှိတတ်တယ်လေ။ နောက်တခုကတော့ နိုင်ငံတကာကို သူတို့လည်း ဒီလိုမျိုး လိုက်လုပ်နိုင်တယ်ဆိုတာ ပြချင်တာလည်း ဖြစ်နိုင်ပါတယ်။”
လက်ရှိမှာ ရန်ကုန်က အစိုးရဝန်ထမ်းတွေကို ဘဏ်အကောင့်နဲ့ သက်ဆိုင်ရာ မိုဘိုင်းငွေကြေး အကောင့်တွေ ကြိုဖွင့်ခိုင်းတာ ရှိတယ်လို့ စာတိုက်ဝန်ထမ်းတယောက်က ပြောပါတယ်။
သာမန်အချိန်မှာတောင် ATM စက်တွေထဲ ငွေသားပြတ်လပ်မှုတွေကြောင့် အခက်အခဲတွေ ကြုံနေတဲ့အတွက် အခုလို ဝန်ထမ်းလစာကို ကတ်၊ ဘဏ်အကောင့်၊ မိုဘိုင်းငွေကြေးတွေနဲ့ ပေးတာက အချိန်ပိုကုန်ပြီး ပြည်သူတွေကို ပိုခက်ခဲစေတယ်လို့ ပုဂ္ဂလိက ဝန်ထမ်းတယောက်ကလည်း ပြောပါတယ်။
၂၀၂၃ ခုနှစ် မေလကစတင်ပြီး ဝန်ကြီးဌာန ၃၄ ခုက ဝန်ထမ်းတွေကို ဒစ်ဂျစ်တယ်ငွေကြေး ၉ ဘီလီလံကျော် ပေးနိုင်ခဲ့ပြီး အခုမှာတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဝန်ထမ်းတွေကို ဒစ်ဂျစ်တယ်ငွေကြေးနဲ့ လစဉ် လစာပေးဖို့ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝေဝေ