Home
ဆောင်းပါး
တပ်ချုပ်မင်းအောင်လှိုင်နဲ့ စရဖချုပ်ရဲဝင်းဦး ဘာလဲ ဘယ်လဲ 
DVB
·
August 26, 2024

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြန်ပြီး နောက်ရက်မှာ ရာထူးတိုးခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို သြဂုတ်  ၂၂ ရက် မနက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်နဲ့အတူ တွေ့ရပါတယ်။

နေပြည်တော်မှာ သြဂုတ် ၁၄ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံရာမှာ စစ်ခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စီမံကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့အတူ ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ခဲ့ပြီး မှတ်တမ်းတင်သူက ဗိုလ်ချုပ်ဇော်မင်းထွန်းပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြန်ပြီးနောက် သြဂုတ် ၁၅ ရက်မှာ စစ်ခေါင်းဆောင်က ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုဗိုလ်ချုပ်ကြီး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပေးလိုက်တာလို့ ကက(ကြည်း)ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က DVB ကို ပြောပါတယ်။

"ဝမ်ယိက သြဂုတ်လ ၁၅ ရက်က ပြန်တာ၊ အဲဒီညမှာ ရာထူးတိုးပေးလိုက်တာ၊ ဝမ်ယိ မလာခင်ကတည်းက ရာထူးတိုးပေးမလို့ စီနီယာတွေ အများကြီးရှိတယ်။ ဗိုလ်ချုပ်ကြီး မိုးအောင်ကလည်း အရပ်ဘက်ကို ပို့ထားတော့ တပ်ထဲမှာ ကောလာဟလတခုကို ဖြန့်လိုက်တယ်။ အောင်လင်းဒွေးနဲ့ ညိုစော ပေါင်းပြီး အာဏာပြန်သိမ်းတယ်ဆိုပြီး။” 

DSA အပတ်စဥ် ၂၃ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးညိုစောနဲ့ DSA အပတ်စဥ် ၂၅ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ကို ဗိုလ်ချုပ်ကြီး ရာထူးတိုးပေးတာ ပြဿနာမရှိပေမဲ့ DSA အပတ်စဥ် ၃၀ နဲ့ အပတ်စဥ် OTS အပတ်စဥ် ၇၇ ကျောင်းဆင်း ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ဗိုလ်ချုပ်ကြီးအဆင့် တိုးပေးဖို့ရာ စစ်ခေါင်းဆောင်အတွက် အကျပ်ရိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“စီနီယာအလိုက် ရာထူးပေးမယ်ဆို ဒုချုပ်နဲ့ အပတ်စဥ်တူတဲ့ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ရှိမယ်၊ အပတ်စဥ် ၂၄ က ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်၊ အပတ်စဥ် ၂၅ ထဲမှာ ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှိတယ်။ ဒါတွေကျော်ပြီး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ရာထူးတိုးပေးတာ တပ်ထဲမှာလည်း သိပ်မကျေနပ်ကြဘူး။” 

ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်သွားသူ ၃ ယောက်ထဲမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တဦးတည်းသာ စရဖချုပ်အဖြစ် ကိုယ်ပိုင်တပ်ရှိသူတဦး ဖြစ်ပါတယ်။

“ရာထူးတိုးသွားတဲ့ ၃ ဦးထဲမှာ ဒု-ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌ အကြံပေးဆိုတော့ ကိုယ်ပိုင်တပ်မရှိဘူး၊ ရာထူးပဲရှိတာ။ အဲလိုပဲ ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက အတွင်းရေးမှူး ကိုယ်ပိုင်တပ်မရှိဘူး။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက စရဖချုပ် ဆိုတော့ ကိုယ်ပိုင်တပ်ရှိတယ်။ ပြည်နယ်နဲ့ တိုင်းစစ်ဌာနချုပ်တိုင်းမှာ သူ့ဌာနတွေရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ စရဖချုပ်နေရာကို တခြားတယောက်ကို ပေးရမယ်ဆိုရင် သူလည်း ကိုယ်ပိုင်တပ် မရှိတဲ့ဘဝ ရောက်သွားမှာ” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်တပ်အတွင်းမှာ ရာထူးတိုးမြှင့်တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ညိုစောနဲ့ အောင်လင်းဒွေးတို့ကိုသာ ပြောဆိုကြပေမဲ့  စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို မဝေဖန်ရဲကြဘူးလို့ စရဖတပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သွားမဝေဖန်ရဲဘူး။ အာဏာသိမ်းပြီး ၃ လလောက်ပဲ ရှိသေးတယ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ညီ ကိုစိုးမိုးလှိုင်ကို သူ့ရဲ့စရဖတပ်တွေက သတ်ပြထားတော့ သူ့ကိုမပြောရဲဘူး။ တပ်တိုင်းမှာ သူ့လူတွေရှိတယ်။” 

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ ၁၉၈၇  ခုနှစ် ဗထူးဗိုလ်လောင်းသင်းတန်းအပတ်စဥ် (OTS) ၇၇ ကျောင်းဆင်းတဦးဖြစ်ပြီး ခြေလျင်ခြေမြန်တပ်ရင်းတွေမှာ တာဝန်ကျပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ၂၀၁၀ မတိုင်ခင်က စစ်ဦးစီး(ပထမတန်း) ဒုဗိုလ်မှူးကြီးဘဝနဲ့ ရောက်ခဲ့တာလို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဗိုလ်ချုပ်ဆန်းဦး တိုင်းမှူးဖြစ်တဲ့အချိန် ရန်ကုန်ရောက်လာတာ၊ ဗိုလ်ချုပ်ဆန်းဦးကနေ ဗိုလ်ချုပ်ထွန်းထွန်းနောင် ပြောင်းတော့ သူက တပ်မ ၁၁ မှာ တပ်မမှူးဖြစ်နေပြီ။ ဟိုတုန်းက သူ့ဆရာတွေတောင် ခု သူ့ရဲ့ လက်အောက်ငယ်သားတွေဖြစ်ကုန်ပြီ။”

၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ရန်ကုန်တိုင်း အင်းတိုင်မြို့မှာရှိတဲ့ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်မှာ ဒုတပ်မမှူး ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဗိုလ်မှူးချုပ် ရာထူးတိုးကာ  မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်မျိုးဇော်သိန်း၊ ဗိုလ်ချုပ်သက်ပုံတို့ လက်အောက်မှာ စစ်ဦးစီး (ပထမတန်း) ဒုဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ အပတ်စဥ်တူ OTS  ၇၇ ကျောင်းဆင်းမှာ ၂၀၂၃ ခုနှစ်ကမှ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တာဝန်မှ အငြိမ်းစားယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးဖြစ်ပြီး လက်ရှိမှာ စီမံကောင်စီဥက္ကဋ္ဌရုံး အမှတ် ၃ ဝန်ကြီး ဖြစ်တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

“ဦးအောင်ကျော်ဟိုး ၂၀၁၅ မှာ  ဗိုလ်မှူးချုပ်ဖြစ်တော့ ရဲဝင်းဦးက ဗိုလ်မှူးကြီးပဲ ရှိသေးတယ်၊ ၂၀၁၆ ရောက်မှ ရဲဝင်းဦးက ဗိုလ်မှူးချုပ်ဖြစ်တာ၊ ရာထူးတိုးတာကျတော့ မတူဘူး။ ဦးအောင်ကျော်ဟိုးက ဝန်ကြီးရုံးဆိုတော့ တက်ဖို့မလွယ်ဘူး။ ရဲဝင်းဦး ဒု-ဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ ဦးအောင်ကျော်ဟိုးက ဗိုလ်မှူးချုပ်ပဲ” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ၄ ယောက် ခန့်ထားပြီး ရုံး ၁ ဦးကိုကိုလှိုင်၊ ရုံး ၂ ဦးအောင်နိုင်ဦး၊ ရုံး ၃  ဦးအောင်ကျော်ဟိုးနဲ့ ရုံး ၄ ဗိုလ်ချုပ်ကြီးမိုးအောင်တို့ပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးတွေသာ တိုးခန့်လိုက်ပေမဲ့ ရာထူးဖောင်းပွတာသာရှိပြီး စစ်တပ်အတွက် အလုပ်မဖြစ်ဘူးလို့ အငြိမ်းစား စစ်မှုထမ်းဟောင်းတဦးက ဝေဖန်ပြောဆိုပါတယ်။

“ဖွဲ့စည်းပုံအရဆိုရင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ကာကွယ်ရေးဝန်ကြီး၊ ကာချုပ်(ရေ) နဲ့ ကာချုပ် (လေ) ပဲ ရှိရမှာ၊ ညှိကွပ်ရာထူးတောင် ဦးသန်းရွှေ ထွင်သွားတာ၊ အခုက ဗိုလ်ချုပ်ကြီးတွေ ဖောင်းပွတာပဲရှိတာ အလုပ်မဖြစ်ဘူး။” 

လက်ရှိ စစ်ကောင်စီတပ်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်လေ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် တို့ရှိနေလို့  ဗိုလ်ချုပ်ကြီး ၈ ယောက်အထိ ဖြစ်လာပါတယ်။

ဒီလိုရာထူးတိုးပေးလိုက်တာဟာ ကိုးကန့်တပ် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တွေက သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ဦးဆောင်ခိုင်းမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း တပ်မိသားစုဝင်တွေမှာ ရှိနေပါတယ်။

နိုင်ငံရေးသမားတဦးက “သူ့အနားမှာ အောင်လင်းဒွေးနဲ့ ရဲဝင်းဦးကို ခေါ်ပြီး သင်ပေးနေတာ၊ ရဲဝင်းဦးကို လက်ထပ်သင်ပေးနေတာလို့ မြင်တယ်။ နိုင်ငံတကာနဲ့တွေ့လည်း ခေါ်တယ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေ့တုန်းက တခြားသူတွေထက် သူ့ကိုပဲခေါ်တာ၊ တရုတ်ဝန်ကြီး ပြန်ပြီး မကြာဘူး၊ ရာထူးတိုးတဲ့အထဲ သူပါလာတာ” လို့ သုံးသပ်ပါတယ်။

စစ်တပ်အသိုက်အဝန်းမှာတော့ ဗိုလ်ချုပ်ကြီးညိုစော၊ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့မှာ စစ်ခေါင်းဆောင် တာဝန်မှအနားယူပါက ကာချုပ်၊ ဒုကာချုပ်နဲ ကြည်း၊ ရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်မယ့်သူတွေ ဖြစ်တယ်လို့ ပြောနေကြသူတွေလည်း ရှိပါတယ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ပြီး ၂ နှစ်မပြည့်သေးခင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးပေးကာ စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ခန့်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် ခန့်အပ်စဉ်ကလည်း DSA ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီးအချို့ စိတ်ထဲ ကသိကအောက် ဖြစ်ခဲ့ကြပါသေးတယ်။

စစ်ခေါင်းဆောင်က ဘယ်လိုရာထူးတွေ တိုးပေးစေကာမူ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်မရတော့ဘူးဆိုတာ သိတဲ့အတွက် တပ်မိသားစုဝင်တွေက စိတ်ပျက်အားငယ်ကြပါတယ်။

တပ်မိသားစုဝင်တဦးက “အဲဒီလို နီးစပ်ရာတွေခန့်တဲ့ အကျင့်ဆိုးကြောင့် ဦးသန်းရွှေက ဘုမသိ ဘမသိနဲ့ မင်းအောင်လှိုင်ကို ခန့်လိုက်တာ၊ အခု စစ်တပ်ပျက်သုဉ်းလုနီးနီး ဖြစ်နေပြီ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သမိုင်းမှာ တိုင်းမှူး ဗိုလ်ချုပ်လိုအဆင့် အဖမ်းခံရတာ သူ့ဘာသာ ကာချုပ်နေရာ ရဲဝင်းဦး ပေးလည်း စိတ်မဝင်စားဘူး” လို့ ပြောပါတယ်။

မြင့်မြတ်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024