Home
ဆောင်းပါး
ဒုဇ္ဇန၊ ဗာလ၊ ကီနာသ- သူယုတ်၊ လူမိုက်၊ သားသတ်သမားတသိုက် ခိုအောင်းရာ စစ်ဓားပြဂိုဏ်း
DVB
·
August 28, 2024
Design-DVB

အဖွဲ့အစည်းတရပ်မှာ ဆိုးရွားယုတ်မာတဲ့ ခေါင်းဆောင်ဆိုးတွေ လွှမ်းမိုးအုပ်စီးခံရတာကို မဖယ်ရှားနိုင်ဘဲ နှစ်ရှည်လများ လမ်းမှားပေါ်လျှောက်ခဲ့ရပြီဆိုရင် အဖွဲ့အစည်းဟာ ဒုဇ္ဇန၊ ဗာလ၊ ကီနာသဆိုတဲ့ သူယုတ်၊ လူမိုက်၊ သားသတ်သမားတို့ခို‌အောင်းရာ သားရဲတွင်းကြီးအဖြစ်ရောက်ရှိပြီး ပျက်စီးကိန်းကြုံလာရတာ ဓမ္မတာတရပ်ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ခုတ္တကနိကယ် သုတ္တနိပါတ်လာ ပရာဘဝသုတ္တံထဲမှာ အောက်ပါပျက်စီးကြောင်း 'ပရာဘဝ' ၇ မျိုး ပါရှိပါတယ်။

(၁) သူတော်ကောင်းတရား၊ ဓမ္မတရားကို မနှစ်သက်ရင်၊ အမှန်တရားကို မနှစ်သက်ရင် ပျက်စီးတတ်ပါတယ်။

(၂) လူယုတ်မာကို ဆည်းကပ်ကိုးကွယ်ရင် ပျက်စီးတတ်ပါတယ်။

(၃) သူတော်ကောင်းကို မနှစ်သက်ရင် ပျက်စီးတတ်ပါတယ်။

(၄) မသူတော်တရား၊ အဓမ္မတရားကို နှစ်သက်မြတ်နိုးရင် ပျက်စီးတတ်ပါတယ်။

(၅) ကောင်းမြတ်သော သီလတို့ကို မဖြည့်ကျင့်ရင်လည်း ပျက်စီးတတ်ပါတယ်။

(၆) သူတော်ကောင်းတရားတို့ကို ကြားနာမှုမရှိရင် ပျက်စီးတတ်ပါတယ်။

(၇) မသူတော်၊ လူယုတ်မာတို့ကို ထောက်ပံ့ ဝန်းရံရင် ပျက်စီးတတ်ပါတယ်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၇၀ ကျော်အောင် အမြင့်ဆုံးဒုက္ခပေးခဲ့ကြတဲ့ စစ်ဓားပြဂိုဏ်းနဲ့ ထောက်ခံဝန်းရံနေကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ မဘသ အမည်ခံ အစွန်းရောက်အမျိုးသားရေးအကြမ်းဖက်အဖွဲ့တွေဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ကိုယ်ကျင့်သီလယုတ်ညံ့ပြီး ဆိုးရွားယုတ်မာတဲ့ ခေါင်းဆောင်ဆိုး အာဏာရှင်နေဝင်း လက်အောက် ကျရောက်ရာက လမ်းမှားပေါ် ဆယ်စုနှစ် ခုနှစ်ကျော် လျှောက်လှမ်းခဲ့ကြပြီး ပျက်စီးကြောင်း ‘ပရာဘဝ’ ၇ မျိုးနဲ့ ပြည့်စုံခဲ့တာမို့ မုချ ပျက်စီးအဆုံးသတ်ရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက် သတင်းတွေထဲမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပျူစောထီးတွေ ကြီးစိုးသောင်းကျန်းနေတဲ့ ကန်နီကျေးရွာမှာ ပျူခေါင်းဆောင် ကျော်ဆန်းဝင်းက ငွေစက္ကူ ၁၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ ကျပ်တန် သုံးမျိုးကို မိတ္တူကူး၊ သူ့နာမည် တံဆိပ်တုံးထုပြီး သူ့ရွာမှာ သုံးစွဲခိုင်းတယ်ဆိုတဲ့ သတင်းဟာ စစ်အာဏာရှင်စနစ်ဆိုးမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပျက်သုဥ်းဖို့ ဂိတ်ဆုံးအဆင့်ကို ရောက်သွားပြီဆိုတာကို ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။

အဲ့ဒီသတင်းမတိုင်ခင် ပြီးခဲ့တဲ့ဩဂုတ် ၄ ရက်တုန်းက ကြောင်ကြာကြာရေမငုပ်ဘူး ဆိုစကားလို စစ်ဓားပြတပ် အကြီးအကျယ် စစ်ရှုံးလာတဲ့အချိန်မှာ ငုပ်လျှိုးနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိဥက္ကဋ္ဌ ခင်ရီက ရုရှားနိုင်ငံအာဏာရှင် ဗလာဒီမာပူတင်ကို “မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် အသိအမှတ်ပြုပေးဖို့၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ပါဝင်နိုင်ကြောင်း” တောင်းဆိုခဲ့တယ်လို့ ရုရှားသတင်းဌာန Sputnik နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အသနားခံ အကူအညီတောင်းခဲ့တဲ့ သတင်းကို ဖတ်ခဲ့ရပါတယ်။

တကယ်တော့ ခင်ရီဟာ အာဏာရှင်ဟောင်း သန်းရွှေ လက်ထက်မှာ ရဲချုပ်အဖြစ် တာဝန်ယူပြီး ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူတွေကို အကြမ်းဖက်ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခဲ့သူ ဖြစ်ပါတယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးရာထူးကို ထမ်းဆောင်ခဲ့တဲ့အပြင် မင်းအောင်လှိုင်အမိန့် နဲ့ ၂၀၂၂ နှစ်ကုန်မှာ စစ်တပ်ပါတီ ကြံ့ဖွံ့ခေါင်းဆောင် သန်းဌေးကို ဖယ်ရှားပြီး ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။

တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၅-၂၀၂၁ (ဇန်နဝါရီ) ကာလအတွင်း NLD ပြည်သူ့အစိုးရကို သိက္ခာချတဲ့ ဆန္ဒပြပွဲတွေ၊ တပ်ထောက်ခံပွဲတွေကို ဦးဆောင်စီစဉ်ခဲ့တာလို့ အတွင်းသိ စစ်ဓားပြ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းက ဆိုခဲ့ပါတယ်။

စစ်အာဏာပြန်သိမ်းဖို့ ကြိုတင်ကြံစည်မှုတွေကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ နိုင်ငံရေးစင်မြင့်ပေါ် ပြန်ရောက်လာတဲ့ ၂၀၁၂ ကတည်းက စတင်ပြီး မင်းအောင်လှိုင်၊ ခင်ရီ စတဲ့‌ စစ်ဓားပြ‌လူမိုက်ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကြံစည်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီကြံစည်မှုရဲ့ နောက်ဆက်တွဲ မဘသ၊ အမျိုးသားရေး လှုပ်ရှားမှုတွေနဲ့ အဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့တာလို့ မဘသနဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ကိုဟိဏ်းဝေယံက ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်၊ ခင်ရီတို့ရဲ့ ညွှန်ကြားချက်နဲ့ ဝီရသူ၊ သုစိတ္တ၊ အေးနေဝင်း၊ စရဖ သန့်ဇင်ကျော်၊ ဘူးလက်လှဆွေ၊ မိုက်ကယ်ကျော်မြင့်၊ ခင်၀ိုင်းကြည်၊ မောင်မြင့် စတဲ့ ဒုဇ္ဇန၊ ဗာလ၊ ကီနာသ၊ ဒုဿီလ အလဇ္ဇီရဟန်းယုတ်၊ သူယုတ်၊ လူမိုက်ဇာတ်ကောင်များစွာ ပါဝင်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ စစ်ဓားပြတပ်မှာ ဆက်အမှုထမ်းသူ၊ ဝန်းရံထောက်ခံဆက်ဆံသူဆိုတာ ဆန်ခါတင် (ဇကာတင်) လူမိုက်၊ ဆန်ခါတင်လူယုတ်မာ၊ ဆန်ခါတင် ထုံထိုင်းသူတွေချည်းပဲ ကျန်ရစ်တော့တာပါပဲ။

တိုင်းပြည်အပေါ် မိုက်ရိုင်းရမ်းကားစွာ ဒုက္ခပေးခဲ့ကြတဲ့ စစ်ဓားပြဂိုဏ်းနဲ့ ရာဇဝင် လူဆိုးလူမိုက် စွမ်းအားရှင် လက်ပတ်နီ လူရမ်းကားတွေနဲ့ဖွဲ့စည်းတည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီနဲ့ အမျိုးဘာသာ သာသနာ အရေခြုံ မဘသလူယုတ်မာအဖွဲ့ကြီးရဲ့ ဒုစရိုက်မှတ်တမ်း အထောက်အထားတွေက ညွှန်ပြနေတာက စစ်ကျွန်ဥပဒေရဲ့ သရုပ်မှန်ကို မီးမောင်းထိုးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တဲ့ ရှေ့နေကြီးဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်ကောင် ကြည်လင်ကို တရားရုံးထုတ်တော့ ပြည်သူတွေကို ထမင်းဝဝစားထားကြလို့ ကြိမ်းဝါးခဲ့ကြတာ မအလနဲ့ ခင်ရီတို့ စစ်ဓားပြအုပ်စု၊ မဘသအုပ်စုပဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလို့လာပါပြီ။

ဒါ‌ကြောင့် မြန်မာ့နိုင်ငံ‌ရေးပြဿနာအားလုံးရဲ့ အဖြေက ဘယ်လက်နက်ကိုင်အဖွဲ့ကမှ အာဏာသိမ်းလို့မရတဲ့စနစ် ရှိလာဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံကို ထာဝရစစ်ကျွန်ပြုမယ့် စစ်ဓားပြဂိုဏ်းက လုပ်ချင်တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူ အများစုရဲ့ဆန္ဒ လုံးဝမဟုတ်ဘဲ၊ စစ်အခွင့်ထူးခံတွေနဲ့ စစ်ကျွန်ဘဝ ဆက်နေလိုသူတို့ အိပ်မက်သာ ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုတွေ ကျုးလွန်ပြီး မိုက်တွင်းဆက်တူးနေတဲ့ ခေါင်းမာဂိုဏ်းသားတွေနဲ့ လုပ်စားနိုင်ငံရေးသမားတွေ နားမလည်နိုင်တာက ပြည်သူ လက်မခံတဲ့တပ်ဟာ ဆက်မရှင်သန်နိုင်ဘူးဆိုတာပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ကိုယ်ကျင့်တရားပျက် ဉာဏ်ရည်အလွန်အမင်းနိမ့်ရုံမက စိတ်ဓာတ်သေးသိမ် ယုတ်ညံ့တဲ့‌ ခေါင်း‌ဆောင်မျိုးတွေ၊ မိုက်ရိုင်းရမ်းကားဆိုးသွမ်းတတ်တဲ့ နောက်လိုက်ဆိုးတွေကိုသာ စစ်အာဏာစနစ်ဆိုးက မွေးထုတ်ပြီး နိုင်ငံနဲ့ပြည်သူလူထုကို ဒုက္ခဆင်းရဲအဖုံဖုံ ရောက်စေခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ပြောခဲ့တဲ့ တိုင်းပြည်အပေါ်မှာ စစ်တပ်ရဲ့ကျေးဇူးဆိုလို့ မူးလို့တောင် ရှူစရာမရှိဘူးလို့ ပြောခဲ့တာ မလွန်တဲ့အပြင် လိုတောင်နေပါသေးတယ်။

အခုဆို စစ်အာဏာရှင်စနစ်ဆိုးဟာ အသိဉာဏ်အလွန်နုံနဲ့တဲ့အပြင် သီလယုတ်ညံ့လှတဲ့ သမ္မတရူး မင်းအောင်လှိုင်တို့လို၊ ဗီဇဆိုးစရိုက်ဆိုးနဲ့ ခင်ရီတို့လို နောက်လိုက်ဆိုးတွေ၊ ကျပ်ငွေစက္ကူကို မိတ္တူကူးတံဆိပ်ထု လက်မှတ်ထိုးသုံးရဲတဲ့ ပျုစောထီးကျော်ဆန်းဝင်းတို့လို လူမိုက်တွေကိုသာ မွေးထုတ်ပေးပြီး နိုင်ငံနဲ့ ပြည်သူလူထုကို ဒုက္ခပေး ဖျက်ဆီးခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ရာက အခုဆို နောက်ဆုံး ဇာတ်သိမ်းခန်းထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒီတော့ ပြည်သူအများစုရဲ့ဆန္ဒကို သိသိကြီးနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ စစ်ဓားပြခေါင်းဆောင်ဆိုးတွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်နေတဲ့ စစ်သဘောက်တပ်မတော်ဟာ နေ့စဉ်ရက်ဆက် ဒုစရိုက်မှု စစ်ရာဇဝတ်မှုတွေ ကျုးလွန်ရင်း ဒုဇ္ဇန၊ ဗာလ၊ ကီနာသဆိုတဲ့ သူယုတ်၊လူမိုက်၊သားသတ်သမားတွေ စုဝေးခို‌အောင်းရာ သားရဲတွင်းကြီး ဖြစ်လာတာရင်း ပျက်စီးကြောင်း 'ပရာဘဝ' ၇ မျိုးစလုံးနဲ့ ပြည့်စုံလာတာမို့ အကြွင်းမဲ့ပျက်သုဉ်းဖို့ရာသာ နိဂုံးရှိပါတော့တယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024