ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် စက်တင်ဘာ ၂ ရက် ညနေက ရောက်ရှိနေပြီး လုံခြုံရေးတင်းကျပ်တဲ့အနေနဲ့ ဈေးသည်တွေကို စက်တင်ဘာ ၇ ရက်အထိ ဈေးမရောင်းဖို့ စည်ပင်က ပြောသွားတယ်လို့ ဒေသခံတွေ့က ပြောပါတယ်။
မြို့ခံတဦးက “လမ်းပေါ်မှာ ဆိုင်ကယ်တွေ ဘာတွေလည်း မရပ်ရ၊ ဟိုမသွားရ ဒီမသွားရ။ လမ်းဘေးဈေးသည်နဲ့ ညဈေးတန်းဆိုလည်း ၅ ရက်ပိတ်ထားတယ်။ ဆီတန်းစီတဲ့သူတွေလည်း ဆီမတန်းရ၊ ဒီနေ့က ဆီတန်းစီရတဲ့နေ့လေ။ လမ်းတွေကိုလည်း ရေတွေဆေးတယ်။ ခုက လမ်းဘေးမှာ အနီတွေ တန်းထားတာ ခပ်များများ။ သူက ရွှေဘုန်းပွင့်ဘုရားမှာ ယတြာလာချေတာလို့ ကြားတယ်”လို့ ပြောပါတယ်။
မြို့ရဲ့ နေရာအနှံ့အပြားမှာ စစ်တပ်၊ ရဲ၊ စရဖ၊ အရပ်ဝတ် လက်နက်ကိုင်တွေနဲ့ ယာဉ်ထိန်းရဲတွေ ရှိနေပြီး နေရာတိုင်းကို Jumper တွေ ချထားတဲ့အပြင် ရဟတ်ယာဉ်ကို ခပ်နိမ့်နိမ့်ပျံသန်းကာ တမြို့လုံးကို ပတ်ကြည့်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “မင်းလမ်းတလျှောက် ဘာမှ ပေးမရပ်၊ စီးပွားရေးဘဏ်ဘေးက 7/11 ရှေ့ ရပ်ထားတဲ့ Fit ကားတစီးကို ကရိန်းနဲ့ မသွားတယ်။ လုံခြုံရေးတွေလည်း အများကြီး တင်းကျပ်ထားတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွှေဘုန်းပွင့်ဘုရားမှာ မကြာခဏ ယတြာလာချေလေ့ရှိပြီး လာရောက်စဥ်မှာလည်း လုံခြုံရေး အထူးတင်းကျပ်တဲ့အပြင် အခုခါမှာတော့ Jumper တွေချထားတာ၊ မြို့ကို အပေါ်စီးကနေ စောင့်ကြည့်တာတွေပါ ပြုလုပ်လာတယ်လို့ သိရပါတယ်။