Home
မြန်မာသတင်း
မြန်အောင်တွင် အမျိုးသား ၁ ဦးကို NUG ထောက်ခံသူဟု စွပ်စွဲဖမ်းဆီး
DVB
·
September 12, 2024
Photo - Su Su

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ရှားတောကျေးရွာက အမျိုးသားတယောက်ကို စစ်ကောင်စီတပ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံကြောင်း TikTok ပေါ်မှာ တင်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ မြန်အောင်မြို့နယ်၊ ရှားတောကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဇင်မိုး ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က သူ့နေအိမ်မှာ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက လာဖမ်းသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတယောက်က “၁၀ ရက်နေ့ မနက်စောစောပိုင်းက စစ်တပ်နဲ့ ရဲအင်အား အများအပြားနဲ့ လာဖမ်းသွားတာ။ ကိုဇင်မိုးကို TikTok မှာ NUG နဲ့ PDF ကောင်းကြောင်း၊ ထောက်ခံတဲ့အကြောင်းတွေ ပို့စ်တင်တယ်ဆိုပြီးတော့ ပြောပြီး ဖမ်းသွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုဇင်မိုးကို လက်ရှိ မြန်အောင်မြို့နယ် ရဲစခန်းမှာ ထားပြီး စစ်ကြောရေး ပြုလုပ်နေကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က) နဲ့ ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တို့နဲ့ အမှုဖွင့်ထားတယ်လို့ မြို့နယ်ရဲစခန်းနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

မြန်အောင်မြို့နယ်ရဲစခန်းနဲ့ နီးစပ်သူတယောက်က “၁၁ ရက်နေ့က အမှုဖွင့်တာ၊ ပုဒ်မ ၄ ခုထက်မနည်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပေမဲ့ စစ်ကောင်စီတပ်က စစ်ကြောရေးလုပ်နေတာလို့ သိရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကလည်း အသက် ၆၀ ကျော်တွေ အပါအဝင် ဒေသခံ အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်က တော်လှန်ရေးတပ် (PDF) တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲ ဖမ်းဆီးခဲ့ပြီး မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း ကြံခင်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နဲ့ ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တို့နဲ့ အမှုဖွင့်ခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013