ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့အနီးက ရွှေပြည်သာကျေးရွာနဲ့ ကျေးတော ကျေးရွာသားတွေကို စက်တင်ဘာ ၁၄ ရက်ကတည်းက စစ်ကောင်စီက အတင်းနှင်ထုတ်နေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့နဲ့ ကပ်လျက်မှာရှိနေတဲ့ ရွှေပြည်သာကျေးရွာသားတွေနဲ့ ကျေးတောကျေးရွာသားတွေကို စစ်ကောင်စီက အတင်းနှင်ထုတ်ပြီး အဲဒီကျေးရွာတွေမှာ တပ်စွဲဖို့ ပြင်ဆင်နေတယ်လို့ အခြေအနေကို သိရှိတဲ့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီက အဲဒီရွာသားတွေကို ဒီအတိုင်း လာပြီးနှင်ထုတ်တာ။ ဘာအကြောင်းပြချက်မှ မပေးဘူး။ ၁၄ ရက်ကနေ စပြီးနှင်ထုတ်တာလို့ သိရတယ်။ ၁၆ ရက်မှာ အကုန်လုံး ရွာက ထွက်လာရတယ်။ စစ်တွေမြို့တွင်းမှာလည်း နေရာချပေးထားတာ မဟုတ်ဘူး။ စစ်ကောင်စီကတော့ အဲဒီကျေးရွာတွေမှာ တပ်စွဲပြီးတော့ ခံစစ်ပြင်ဖို့ ကြိုးစားနေတယ်လို့တော့ ကြားတယ်။”
စစ်ကောင်စီက နှင်ထုတ်လိုက်တာကြောင့် အဲဒီကျေးရွာ ၂ ရွာက ဒေသခံ ၄၀၀ ကျော်လောက်ဟာ စစ်တွေမြို့တွင်းကို ရွှေ့ပြောင်းလာရပြီး နေရာထိုင်ခင်းနဲ့ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက အတင်းရွှေ့ပြောင်းခိုင်းထားတဲ့ ရခိုင်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းရှိပြီး သူတို့ အကုန်လုံးကိုလည်း နေရာထိုင်ခင်း တခုမှ စီစဥ်ပေးတာမျိုး မရှိဘူးလို့ စစ်တွေမြို့ခံတွေကပြောပါတယ်။
စစ်တွေမြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေကို ရွေးပြီး အတင်းနှင်ထုတ်နေတာဟာ စစ်ကောင်စီက သွေးရိုးသားရိုး လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အထူးသတိထားရမယ့် အခြေအနေ ဖြစ်တယ်လို့ စစ်တွေမြို့က တက်ကြွလူငယ်တယောက်က ပြောပါတယ်။
“စစ်တွေမြို့နယ်မှာ စစ်ကောင်စီက ရခိုင်ရွာတွေကို ရွေးပြီး နှင်ထုတ်နေတာဟာ ၁၀ ရွာ မကတော့ဘူး။ ရခိုင်ရွာတွေမှာ ရခိုင်တွေ နေမရအောင် လုပ်နေတာဟာ လူမျိုးရေးအရ စစ်ကောင်စီက တမင်နှိပ်ကွပ်နေတာ ဖြစ်တယ်။ ဒီဟာက စစ်ရေးသဘောတခုတည်း မဟုတ်တော့ဘူး။ စစ်တွေမြို့မှာ ရှိကြသေးတဲ့သူတွေ တော်တော်ေလးကို သတိထားရတော့မယ့် အခြေအနေလို့ မြင်တယ်။ စစ်ကောင်စီဟာ တခုခုကို ဖန်တီးဖို့ ကြံစည်နေပုံရတယ်။”
ပြီးခဲ့တဲ့ မေလအတွင်းကလည်း စစ်ကောင်စီက ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာသား ၈၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို အမျိုးသမီးတချို့ကိုလည်း အတင်းအဓမ္မ ပြုကျင့်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
စစ်တွေမြို့မှာ စစ်ကောင်စီက မြို့ခံတွေကို နေ့တိုင်း ဖမ်းဆီးမှုတွေရှိနေပြီး ငွေညှစ်မှုတွေ ရှိနေသလို ငွေကြေးမတတ်နိုင်သူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲ ထောင်ချနေတာတွေလည်း ရှိနေပါတယ်။