မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ လွန်ခဲ့တဲ့ ၂ လလောက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၈ စီးထဲက သင်္ဘောတချို့ ဗန်းမော်မြို့ကို စက်တာဘာ ၁၉ ရက် မနက်ပိုင်းမှာ ရောက်ရှိလာပြီလို့ ဒေသခံက ပြောပါတယ်။
ဗန်းမော်မြို့ကို သင်္ဘောအနည်းငယ်သာ ဆိုက်ကပ်လာပြီး ဗန်းမော်မြို့ မြစ်ဆိပ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ အရပ်ဝတ်အပြင် စစ်သားတွေလည်း လုံခြုံရေးယူထားတယ်လို့ ပြောပါတယ်။
“ဒီနေ့မနက် ထွက်လာတုန်းက မြို့ထဲကော မြစ်ဆိပ်ဘက်ကော အရပ်ဝတ်နဲ့ စစ်သားတွေကော ရှိနေတာ တွေ့ရတယ်။ သင်္ဘောရောက်ပြီလို့လည်း ကြားတယ်၊ အတိအကျတော့ မသိရဘူး။ များတော့မများဘူးလို့ ပြောတယ်။ တွန်းပြီး တက်လာတဲ့ ဟာတွေကော ပါတယ်ဆိုတော့ အတိအကျ မသိရဘူး။”
DVB က စုံစမ်းရရှိတဲ့ အခြေအနေအရ သင်္ဘောအကြီး ၂ စီးနဲ့ သင်္ဘောအကြီး ၂ စီးကိုတွန်းတဲ့ သံခွန်သင်္ဘော ၄ စီး ရောက်ရှိထားတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့နဲ့ ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက် အတိအကျရရှိဖို့ ခက်ခဲနေပါတယ်။
မန္တလေးကနေ ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက ရေလမ်းကြောင်းတလျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မရောက်ခင် ထီးချိုင့် မြတောင်မှာ သင်္ဘော ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ်နှစ်မြှုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထီးချိုင့်ကနေတဆင့် ကချင်ပြည်နယ်၊ ရွှေဂူမြို့ကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ရွှေဂူကနေ ဗန်းမော်မြို့ကို စက်တင်ဘာ ၁၇ ရက်က ပြန်လည်ဆန်တက်လာရာမှာ ဒုတိယမြစ်ကျဉ်း အထက်မှာ သင်္ဘော ၂ စီးကို ပစ်ခတ်နှစ်မြှုပ်နိုင်ခဲ့သလို ၄ စီးကိုတော့ မြလည်ကျေးရွာနားမှာ ပစ်ခတ်နိုင်ခဲ့တာကြောင့် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မန္တလေးကနေ ဗန်းမော်မြို့ကို တက်လာတဲ့ စစ်ကောင်စီ ရိက္ခာတင်သင်္ဘော အုပ်စုထဲက ၈ စီးကို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ တော်လှန်ရေးတပ်တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
သင်္ဘောပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးတာရှိသလို ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကချင်ပြည်နယ်စစ်မြေပြင်မှာ တိုက်ခိုက်ခံနေရတာကြောင့် ရိက္ခာနဲ့ စစ်အင်အားကို အခုလို မိုးတွင်းကာလမှ ရေလမ်းကနေ အလုံးအရင်းနဲ့ ပို့ဆောင်နေတာ ဖြစ်ပါတယ်။