Home
မြန်မာသတင်း
ရွှေကူမြို့အနီးတွင် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီး ၁ စီးနစ်မြုပ်
DVB
·
September 19, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်သည်အင်အားနဲ့ ရိက္ခာတွေဖြည့်တင်းဖို့ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို စက်တင်ဘာ ၁၇ ရက် မနက်မှာ KIA/KPDF တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့  KPDF တာဝန်ရှိသူက ပြောပါတယ်။

KPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ရွှေကူဆိပ်ကမ်းကနေ ထွက်လာတဲ့ စစ်သားတွေနဲ့ ရိက္ခာတွေပါတဲ့ သင်္ဘော ၅ စီးကို ဆိပ်ကမ်းကနေထွက်လာပြီး သိပ်မကြာခင်မှာဘဲ ကြားဖြတ်တိုက်ခိုက်လိုက်လို့ တစီးကတော့ လုံးလုံးနစ်သွားတယ်။ ၂ စီး မီးလောင်ပြီး ရေလယ်ခေါင်မှာ ရပ်နေတယ်။ မြုပ်မယ့်အနေအထားရှိတယ်။ အဲဒီပေါ်တွေမှာ ပါလာတဲ့ကောင်တွေထဲက ၅၀ နီးပါးသေတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၃ ရက်ကတည်းက ရွှေကူဆိပ်ကမ်းကို ရောက်ရှိနေတာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်မှာ အထက်ကို ဆက်တက်ဖို့ ထွက်ခွာစဥ် KIA နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ပြန်လှည့်ခဲ့ကာ ရွှေကူဆိပ်ကမ်းမှာ ပြန်လည် ရပ်နားနေတာဖြစ်ပြီး အဆိုပါ စစ်သင်္ဘောတွေကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ၃ ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

KPDF ​ပြန်ကြားရေးတာဝန်ခံတယောက်က “ဒီကောင်တွေဘက်က ပျက်စီးသွားတဲ့ သင်္ဘောတွေကို ရွှေကူဆိပ်ကမ်းမှာ ပြန်ကပ်ထားပြီး ပြင်ဖို့လုပ်နေကြတယ်။ ဒဏ်ရာရတဲ့ ကောင်တွေကိုလည်း ဆေးကုနေတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကလည်း မနားတမ်း ပစ်နေတယ်။ မြစ်ကကျဥ်းတော့ တိုက်ရတာလွယ်တယ်။ သူတို့သင်္ဘောတွေ ဗန်းမော်ကို မရောက်နိုင်ပါဘူး” လို့ ပြောပါတယ်။

စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်တာ မရှိပေမဲ့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုပမာဏ များပြားတယ်လို့ ရေးသားဖော်ပြပါတယ်။

အဆိုပါ စစ်သင်္ဘောတွေဟာ စစ်ကောင်စီတပ်သားတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ လောင်စာဆီတွေနဲ့ ရိက္ခာတွေတင်ဆောင်ကာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းက ထွက်ခွာလာစဥ် မြစ်ရိုးတလျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်လည်း ကသာမြို့နယ်ရှိ ကျေးရွာတွေက ဒေသခံပြည်သူ ၃ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013