ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံမှာရှိတဲ့ စစ်တပ်ဘန်ကာကို စက်တင်ဘာ ၁၄ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
God's Hand Forces( GHF) အဖွဲ့က အဝေးထိန်းမိုင်း အလုံးကြီးတလုံးအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်လို့ God's Hand Forces ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သူတို့လူလဲပြီး ကားနဲ့ ဂျူတီချိန်းတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ ကျန်တဲ့အချိန်က တိုက်ခိုက်ဖို့ကတော့ မလွယ်ဘူးဗျ။ သက်ရောက်မှုလည်း ရှိမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘန်ကာထဲပဲနေတာ။ အပြင်လည်းမထွက်ဘူး။ အဲဒီ ဘန်ကာအပြင်မှာကို သဲအိတ်တထပ်လည်း ထပ်ကာထားသေးတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီက လမ်းတွေပိတ်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် God's Hand Forces ရဲ့ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်တယ်လို့ ပြောပါတယ်။
God's Hand Forces ဟာ မြို့ပြအတွင်း စစ်ကောင်စီအနေနဲ့ လုံးဝအုပ်ချုပ်ခွင့်မရရေးနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ရိုက်ချိုးဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုတိုက်ခိုက်မှုကလည်း 'M O43 စစ်ဆင်ရေး'ရဲ့ ဆဋ္ဌမမြောက် ဖော်ဆောင်မှုဖြစ်တယ်လို့ သိရပါတယ်။