မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့စခန်းကို သြဂုတ် ၂၉ ရက်နေ့၊ ညနေ ၄ နာရီခွဲဝန်းကျင်က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး တပ်မ ၉၉ က ဗိုလ်ကြီးဝေဖြိုးသူ အပါအဝင် ၂ ယောက်ကို ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ဆီကနေ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “နွားထိုးကြီးမြို့နယ်ထဲက အမြန်လမ်းနဲ့ ၁ မိုင်နီးပါးလောက်ပဲဝေးတဲ့ ကုက္ကိုဇီးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်စခန်းကို နာရီပိုင်းလောက်ပဲတိုက်လိုက်ရပြီး စခန်းသိမ်းနိုင်ခဲ့တယ်။ သူတို့ဘက်က ၅ ယောက်သေတယ်။ စစ်သုံ့ပန်း ၂ ယောက်ကိုတော့ အရှင်ဖမ်းမိခဲ့ပြီးတော့ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့ပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲကနေ အရှင်ဖမ်းမိသူ ၂ ယောက် ထဲမှာ စစ်ကောင်စီတပ်သား ၁ ယောက် နဲ့ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်က ဗိုလ်ကြီးဝေဖြိုးသူ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
တပ်ရင်း ၄ ရဲ့ တာဝန်ခံတယောက်က “သူတို့တပ်စွဲထားတာက ဘုန်းကြီးကျောင်းမှာတပ်စွဲနေတာ။ မဆိုင်တဲ့သူတွေမထိအောင်တော့ ထိန်းထိန်းသိမ်းသိမ်းတိုက်ခဲ့ရတာပေါ့။ ၁၀ ယောက် တပ်စွဲနေတဲ့ နေရာမှာ ၅ ယောက်သေပြီး ၂ ယောက် ဖမ်းမိတယ်။ ကျန်တဲ့ကောင်တွေကတော့ ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းကနေ MA5 ပစ္စတို ၂ လက်၊ MA1 သေနတ် ၃ လက်၊ G3 သေနတ် ၁ လက်၊ ၉ မမ အူစီသေနတ် ၁ လက်တို့အပြင် ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း Natogyi People Defence Force နဲ့အတူ အမှတ် ၁၀ တပ်ရင်းတို့ပူးပေါင်းပြီး မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအပြီး ကုက္ကိုဇီးကျေးရွာနဲ့ ဆူးရစ်ကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဆူးရစ်ကုန်းကျေးရွာက နေအိမ် ၁ လုံး မီးလောင်ပျက်စီးတယ်လို့သိရပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ ထပ်မံစုံစမ်းနေဆဲဖြစ်တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ဆီကနေ သိရပါတယ်။