Home
မြန်မာသတင်း
မြောက်ဥက္ကလာပရှိ စိန်ပန်းမြိုင် ယာဉ်ထိန်းရုံး ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
September 6, 2024

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင် ယာဉ်ထိန်းရုံး ရဲတန်းလျားကို စက်တင်ဘာ ၅ ရက် ည ၈ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Yangon UG (YUPA) တို့ ပူးပေါင်းပြီး ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

စိန်ပန်းမြိုင် ယာဉ်ထိန်းရုံး ရဲတန်းလျားကို လက်ပစ်ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်ထိန်းရဲတယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ရဲတန်းလျားတချို့လည်း ပျက်စီးသွားတယ်လို့ မြောက်ဥက္ကလာ ပကဖ အထူးတာဝန်ခံက ပြောပါတယ်။

“ဒီမနက် ၉ နာရီလောက်က ရတဲ့ နောက်ဆုံးသတင်းအရ ရဲတန်းလျား ပျက်စီးသွားတယ်။ မော်တော်ပီကယ် တယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ အဲဒီရိပ်သာထဲမှာ ရဲရော၊ မော်တော်ပီကယ်ရော စုပေါင်းပြီးနေကြတယ်။”

စိန်ပန်းမြိုင် ရဲရိပ်သာအတွင်းက ရဲနဲ့ ယာဉ်ထိန်းရဲတွေဟာ ပြည်သူတွေရဲ့ ကားတွေကို ဖမ်းဆီး ငွေညှစ်တာတွေ အလွန်အကျွံ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပကဖအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီနဲ့ ပတ်သက်သမျှ အားလုံး ကို တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဆက်လက်ပြီး ရန်ကုန်တတိုင်းလုံးရော၊ မြောက်ဥက္ကလာမြို့နယ် အတွင်းမှာ ရှိတဲ့ စစ်ကောင်စီဒေါက်တိုင် မှန်သမျှ ဆက်လက်ဖြိုခွင်းသွားမှာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေပေးပါလို့ သတိပေးချင်ပါတယ်။”

တိုက်ခိုက်မှုအပြီး ရဲရိပ်သာအတွင်းကနေ အော်ဟစ်ဆဲဆိုကာ သေနတ်တချက် ဖောက်တယ်လို့ သိရပြီး တော်လှန်ရေးအဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

စိန်ပန်းမြိုင်ရဲရိပ်သာဟာ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းခုံးတံတားအောက်မှာ တည်ရှိပြီး မြောက်ဥက္ကလာပကဖအနေနဲ့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ ရက် ညပိုင်းကလည်း ‌ဒဂုံမြိုသစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Rangoon Urban Column က မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013