Home
မြန်မာသတင်း
အုတ်ဖိုရဲတပ်ဖွဲ့  တိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် ၂ ဦး သေဆုံး
DVB
·
September 18, 2024
photo Crd-မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့၀င်တွေကို စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီခွဲမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အေးမြသာယာနယ်မြေ ရဲစခန်းစခန်းမှူး ဇော်ဝင်းအပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) ဆီက သိရပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တာ၀န်ခံက “အေးမြသာယာရဲစခန်းကစခန်းမှူး ဇော်၀င်း ရယ်၊ သူတပည့် အင်ဖေါ်မာ ကိုသက်နဲ့ ရဲ ၃ ကောင်က အေးမြသာယာရဲစခန်းကနေ ပြည်သူကိုပေါ်တာဆွဲဖို့ စာရင်းတွေနဲ့ အရပ်၀တ်တွေ၀တ်ပြီး ခြေလျင်ထွက်လာကြတယ်လို့ သတင်းရလို့ သူတို့တွေ အထက်တန်းကျောင်းရှေ့လမ်းပေါ်က ကွမ်းယာဆိုင်မှာ ကွမ်း၀ယ်နေတဲ့ အချိန် ကျနော်တို့ ရဲဘော်တွေက ကျည်ဆန်လက်ဆောင်၀င်ပေးလိုက်တာပါ” လို့  ပြောပါတယ်။

ပစ်ခတ်မှုအတွင်း အေးမြသာယာနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ဇော်ဝင်းနဲ့ သတင်းပေး ကိုသက်တို့ဟာ ဦးခေါင်း ကျည်ဆန်ထိမှန်ကာ နေရာမှာတင်သေဆုံးသွားကြပြီး ရဲတပ်ဖွဲ့၀င် ၃ ယောက်ကတော့ စခန်းမှူးဆီက ခြောက်လုံးပြူးကို ဖြုတ်ယူပြီး ရဲစခန်းထဲကို၀င်ရောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေဆီကနေ ပေါ်တာဆွဲဖို့ ပြုစုထားတဲ့အမည်စာရင်းတွေရေးသားထားတဲ့ စာရင်းဖိုင် ၁ ခု၊ ရဲဝန်ထမ်းအရာရှိကတ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ငွေကျပ် ၁၈၀၅၀၀၊ မှတ်ပုံတင် ၁ ခု နဲ့ ယာဉ်မောင်းလိုင်စင် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့ ပါတယ်။

အဆိုပါပစ်ခတ်မှုမှာ အေးမြသာယာနယ်မြေရဲစခန်းကစခန်းမှူး ရဲအုပ်ဇော်ဝင်းနဲ့ သတင်းပေး ကိုသက်တို့ သေဆုံးတာနဲ့ပတ်သက်ပြီး DVB က အေးမြသာယာရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ စစ်ဆင်ရေးတာ၀န်ခံက “မစ်ရှင်ပြီးတော့ မြို့ပေါ်မှာ အစစ်အဆေးကြမ်းတယ်။ ရဲဘော်တွေ မြို့ထဲကနေ ညမှ ပြန်ထွက်ရတယ်။ ပြန်ထွက်လာတော့ မြို့ပြင်မှာ သူတို့ရဲအဖွဲ့နဲ့တိုးပြီး တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ခဲ့တယ်။ အဲ့ဒီမှာလည်း သူတို့ဘက်က အထိနာပြီးဒဏ်ရာရလို့ ကျနော်တို့ နောက်ကို ဆက်မလိုက်လာရဲတော့ဘူ”လို့ ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် အထိနာခဲ့တဲ့ ရဲတပ်ဖွဲ့၀င်တွေဟာ အေးမြသာယာမြို့ပြင်က ပြည်သူတွေ ရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ပြည်သူပိုင်လူနေအိမ် ၃ လုံး မီးလောင် ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013