Home
မြန်မာသတင်း
ရေစကြို ဆင်မရဲကျေးရွာ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
September 25, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲနေတဲ့ ပျူစောထီးစခန်းကို စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၅ နာရီ၀န်းကျင်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Urban Underground Revolution Force (YSO) ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က ပြောပါတယ်။

 “၄ ရက်အတွင်း ၃ ကြိမ် တိုက်လိုက်ရတယ်။ သူတို့ဘက်က သေဆုံးတာတွေရှိသလို သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တာလည်းရှိပါတယ်။ ထွက်ပြေးသွားကြတဲ့ကောင်တွေလည်းရှိတယ်။” 

စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီး ၃ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ​ခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီရွာမှာ စစ်တပ်ကတပ်စွဲပြီး ပျူရွာသတ်မှတ်ထားတာ ၂ နှစ်နီးပါးရှိပြီ။ အခုစခန်းသိမ်းတိုက်ပွဲကနေ သေနတ် ၈ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး” လို့ Urban Underground Revolution Force (YSO) ရဲ့ တာ၀န်ခံတယောက်က ပြောပါတယ်။

ဆင်မရဲပျူစောထီးကျေးရွာ စခန်းသိမ်းတိုက်ပွဲကို Urban Underground Revolution Force (YSO)၊ ပခုက္ကူခရိုင်တပ်ရင်း ၃၊ ပခုက္ကူခရိုင်တပ်ရင်း ၁၀၊ ပခုက္ကူခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်တပ်ရင်း ၁၊ မြိုင် ပကဖ ဒရုန်းတပ်ဖွဲ့၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ (YSO)၊ ဒေါင်းစစ်သည် ပခုက္ကူအဖွဲ့၊ ဒေါင်းညီသွေးနီ သွေးသောက် (YSO)၊ RDS၊ နဂါးနီအထူးတပ်ဖွဲ့ မြိုင်၊ Burma Revolution Force၊ မြောင်တပ်ပေါင်းစု၊ Myaing Revolution Team၊ ညီနောင်သုံးဖော် (YSO)၊ Dragon Brother (YSO)၊ RC တပ်ပေါင်းစုတွေနဲ့အတူ RC ပလိပ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့​တာလို့ သိရပါတယ်။

အဆိုပါ ပျူရွာစခန်းသိမ်းပိုက်ခံရတဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိပေမဲ့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကတော့ “စခန်းကနေယာယီစွန့်ခွာခဲ့တာဖြစ်ပြီး လက်နက်ကြီးတွေ ပြန်လည်ပစ်ခတ်မယ်” လို့ ရေးသားနေကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဆင်မရဲပျူစောထီးကျေးရွာရဲ့ဂိတ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ကာဘိုင် ၁ လက်ရရှိ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013